Covid-19 ကြောင့် Lock Down ချခံရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်

Covid-19 ကြောင့် Lock Down ချခံရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
Photo-Department of Public Health Kachin State
Photo-Department of Public Health Kachin State

ကချင်ပြည်နယ်တွင် Covid-19 ကြောင့်ပထမဆုံး Lockdown ချခံထားရသော ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့မူများ လိုအပ်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ပိုးတွေ့လူနာတစ်ဦးတွေ့ရှိပြီးနောက် စိန်ဂျိုးဇက်စစ်ရှောင်စခန်းအား အကန့်အသတ်နယ်မြေ (Lockdown) ချမှတ်လိုက်သည့်အတွက် စစ်ရှောင်များအစားအသောက် အခက်ခဲများရင်ဆိုင်နေကြရကြောင်း စစ်ရှောင်တာဝန်ခံ ဦးခွန်အောင်က ပြောသည်။

“ကျန်းမာရေးအခြေနေကြောင့် ဒီလိုလုပ်ထားရတာကို ကျနော်တို့ နားလည်းပါတယ်။ ဒါပေမယ့် စစ်ရှောင်စခန်းတစ်ခုလုံး Lockdown ချလိုက်တော့ ပထမအစားအသောက် ခက်ခဲလာတယ်။ ဘယ်သူမှလည်း နေ့စားသွားလို့မရတော့တဲ့အခြေနေမှာ ဈေးဝယ်လည်း မထွက်ရဘူး။ အပြင်ကနေ လာရောင်းတဲ့ ဈေးသည်တွေဆီကဘဲ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ လူစုလူဝေးမဖြစ်အောင် Camp တာဝန်ခံတွေက ကြီးကြပ်ပြီးတော့ ဝယ်စားနေရတဲ့အခြေနေဖြစ်နေတယ်။ စစ်ရှောင်တွေဖြစ်တဲ့အတွက် တစ်နေ့လုပ်မှတစ်နေ့စား ဘဝတွေ ဒီလို Lockdown ချမှတ်လိုက်တော့ ပိုခက်ခဲသွားတယ်။ ဘယ်သူမှလည်း အပြင်မထွက်ရ စားဖို့ကမရှိ ရမ်းကိုခက်ခဲနေကြတယ်။” ဟု စခန်းတာဝခန်ခံ ဦးခွန်အောင်က ပြောသည်။

Lockdown ချမှတ်ထားသည့်ကာလအတွင်း စစ်ရှောင်များအား အစားသောက်များထောက်ပံ့ရန် သက်ဆိုင်ရာအစိုးရနှင့် ဂရုဏာ (KMSS) သို့ တင်ပြထားသော်လည်း သက်ဆိုင်ရာအစိုးရမှ ယနေ့ချိန်ထိ တစ်စုံတစ်ရာတုံ့ပြန်လာခြင်းမျိုး မရှိသေးကြောင်း စခန်းတာဝန်ခံများက ဆိုသည်။

“ပိုးစတွေ့တဲ့နောက်ရက်ကနေ အစားသောက်ထောက်ပံ့ပေးဖို့ တင်ထားတယ် KMSS ကတော့ တစ်ဘက်ခါဆိုလား ထောက်ပံ့မယ်လို့တော့ သတင်းကြားနေရတယ်။ဒါပေမယ့် သက်ဆိုင်တဲ့အစိုးရဘက်ကတော့ တုံ့ပြန်လာတာမျိုးမရှိသေးဘူး။” ဆိုပြီး စခန်းတာဝန်ခံကပြောသည်။

လူဦးရေ ၂၀၀၀ခန့်ရှိသည့် စိန့်ဂျိုးဇက်စစ်ရှောင်စခန်းသည် ဇန်နဝါရီလ ၁၀ ရက်နေ့ အသက် ၁၅နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးအား ပိုးတွေ့ရှိပြီးနောက် ယင်းစစ်ရှောင်စခန်းအား Lockdown ချမှတ်ထားသည်မှာ တစ်ပတ်ခန့်ရှိလာပြီဖြစ်သည်။

၎င်းနဲ့ဆက်စပ်သူ ၃၉ ဦးအား ပထမအကြိမ်ဆေးစစ်ရာ ပိုးတွေ့ရှိမူမရှိခဲ့ပြီးဖြစ်ရာ ပိုးတွေ့ခြင်းမရှိခဲ့ပါ။ သို့သော် လာမည့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံဆေးစစ်ရမည်ဖြစ်သည်။

“လောလောဆယ်တော့ ပိုးတွေ့လူနာနဲ့ထိစပ်ခဲ့တဲ့သူအားလုံး ကျန်းမာရေးအခြေနေတော့ ကောင်းကြပါတယ်။ပထမတစ်ကြိမ်တော့ တစ်ယောက်မှမတွေ့ခဲ့ဘူး ဒုတိယအကြိမ်လည်း မတွေ့ပါစေနဲ့လိုဘဲ ဆုတောင်းနေတယ်။ ဒီထဲက နောက်ထပ်တစ်ယောက်သာ ထပ်တွေ့ခဲ့ရင်တော့ အစားအသောက် အခက်ခဲက ဒီထက်ပိုဆိုးလာနိုင်တယ်။” ဟု စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတာဝန်ခံ ဆရာခွန်အောင်ကပြောသည်။

ပိုးကူးစက်ခံထားရသည့် စစ်ရှောင်အမျိုးသားအား လက်ရှိတွင် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမူခံယူနေပြီး ၎င်း၏ မိသားစုဝင် ၄ဦးသည် သက်ဆိုင်ရာ Quarantine Center များတွင်သီးသန့်ထားရှိကြောင်း ၎င်းကဆက်ပြောသည်။

ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းများအနက် ရောဂါပိုးကူးစက်မူ ပထမဆုံးခံထားရခြင်းဖြစ်ပြီး ဒုတိယအကြိမ်ဆေးစစ်ရာတွင် ပိုးတွေ့ရှိခြင်းမရှိတော့ပါက Lockdown ကာလဇန်နဝါရီလ ၂၀ ရက်ထိ သတ်မှတ်ထားပေးကြောင်း သိရသည်။

ယင်း စိန့်ဂျိုးဇက်စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများသည် ဝိုင်းမော်မြို့နယ်၊အင်ဂျန်းယန်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ပြီး အိမ်ထောင်စု စုစုပေါင်း ၃၉၈ စုရှိသည်။

ကချင်ပြည်နယ်တွင် ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိခဲ့လူနာ (၇၁၉) ဦးရှိခဲ့ပြီး၊ သေဆုံးလူနာ(၁)ဦးနှင့် ဆေးရုံဆင်းခွင့်ပြီးသူ ၆၅၃ ဦးရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...