သန်းပေါင်း ၄ဝဝဝ ကျော်သုံးပြီးမှ ရပ်နားထားခဲ့ရသော မြောက်ဦးလေယာဉ်ကွင်းတည်ဆောက်ရေးကို အစိုးရသစ်လက်ထက်တွင် ပြန်စရန် ဒေသခံများလိုလား

သန်းပေါင်း ၄ဝဝဝ ကျော်သုံးပြီးမှ ရပ်နားထားခဲ့ရသော မြောက်ဦးလေယာဉ်ကွင်းတည်ဆောက်ရေးကို အစိုးရသစ်လက်ထက်တွင် ပြန်စရန် ဒေသခံများလိုလား

ထွန်းခိုင် — ကျပ် သန်းပေါင်း ၄ဝဝဝ ကျော်သုံးပြီးမှ ရပ်နားထားခဲ့ရသော မြောက်ဦးလေယာဉ်ကွင်းကို နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင် ပြန်တည်ဆောက်ရန် ဒေသခံများလိုလားနေကြသည်ဟု သတင်းရရှိသည်။

မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံအပါအဝင် ရန်ကုန်၊ မန္တလေးမြို့များနှင့်ပါ တိုက်ရိုက် ချိတ်ဆက်ပျံသန်းပြီး ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် သမ္မတဦးသိန်းစိန်အစိုးရ၊ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လက်ထက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် တွင် မြောက်ဦး လေယာဉ်ကွင်းကို စတင်တည်ဆောက်ခဲ့သည်။

သို့သော် လက်ရှိ NLD အစိုးရလက်ထက်တွင် လေယာဉ်ကွင်း ဆောက်လုပ်မှုကို တစ်ဝက်တစ်ပျက်နှင့် ရပ်နားခဲ့သည်။

မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်မှုကို သမ္မတဦးသိန်းစိန်အစိုးရ၏ နောက်ဆုံး ဘဏ္ဍာရေး နှစ်ဖြစ်သည့် ၂ဝ၁၅-၂ဝ၁၆ နှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်သန်းပေါင်း ၂ဝဝဝ နှင့် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၂ဝဝဝ၊ စုစုပေါင်း ကျပ်သန်းပေါင်း ၄ဝဝဝ တို့ဖြင့် ဆုထူးစံ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့သည်ဟု သိရသည်။

၂ဝ၁၇- ၂ဝ၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရဆီမှ ချပေးသော ရန်ပုံငွေမှာ အလွန်တရာ နည်းပါးသည့်အတွက် မြောက်ဦး လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများအား ရပ်ဆိုင်း ထားလိုက်ရကြောင်း သိရှိရသည်။

ထိုသို့ ရပ်ဆိုင်းခံလိုက်ရသဖြင့်  မြောက်ဦးလေယာဉ်ကွင်းအား ဆက်လက်ပြီး အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမ) နေ့တွင် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဆိုတစ်ရပ်တင်းသွင်းခဲ့သည်။

၄င်းမြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရကတဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိဘဲ ၎င်းအဆိုကို အတည်ပြုခဲ့သည်ဟု ဆိုသည်။  

ထိုသို့အဆိုတင်သွင်းခဲ့သော်လည်း ပြည်ထောင်စုအစိုးရထထံမှ မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာအကြောင်းပြန်ကြားချက် မရရှိခဲ့ဟု ဦးထွန်းသာစိန်က ပြောသည်။

“ကျနော်တို့ကတော့ ဒေသခံပြည်သူတို့ရဲ့ တောင်းဆိုချက်အရ။ ဒီမြောက်ဦး လေယာဉ်ကွင်းသစ်ကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်ထောင်စုအစိုးရကတစ်ဆင့်နေပြီး ဒီဟာကို လုပ်သင့်တယ်။ ရခိုင်ပြည်နယ် ဘတ်ဂျက်ကလည်း အင်မတန်မှ နည်းပါးတယ်။ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ဒီဟာကို အကောင်အထည် ဖော်သင့်တယ်။  အခုထိ အစိုးရဘက်ကလည်း တစ်စုံတစ်ရာ လုပ်တာတွေ မတွေ့ရသေးဘူး။ လုပ်ဖို့အတွက် စီမံကိန်းတွေချပြီး လွှတ်တော်ကိုတင်သွင်းတာတွေလည်း မရှိသေးဘူး။ တက်လာမည့် အစိုးရသစ်အနေနဲ့တော့ အကောင်အထည် ဖော်မှာလား။ မဖော်ဘူးလားဆိုတာကို မှန်းလို့မရသေးဘူး” ဟု ဦးထွန်းသာစိန်က ပြောသည်။

ဖောက်လုပ်နေသည့် မြောက်ဦး လေယာဉ်ကွင်းသည် မြောက်ဦးမြို့၏ အရှေ့ဖက် (၄ ဒသမ ၅ )မိုင်ခန့်အကွာ ရှေ့ဟောင်းအမွေ့အနှစ်များ လွတ်ကင်းသော နေရာတစ်ခုဖြစ်သည့် နန်းကျားကျေးရွာ၏အနောက်ဖက်  မြေဧရိယာ (၆၅ဝ ဒသမ ၈ဝ) ဧကတွင် တည်ရှိပြီး လက်ရှိအချိန်တွင် တစ်ဝက်တစ်ပျက်ဖြင့် ရပ်နား ထားရသည်ဟု သိရှိရသည်။

နောက်တက်လာမည့် အစိုးရသည်လည်း  NLD အစိုးရဖြစ်နေသဖြင့် မြောက်ဦးလေယာဉ်ကွင်း ပြီးမြောက်ရေး အတွက် လုံးဝမျှော်လင့်ချက် မရှိကြောင်း မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“မျှော်မှန်းချက်ကတော့ လုံးဝမရှိပါဘူး။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဝင်လာဖို့နဲ့၊ နောက်ပြီးတော့ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာဖို့အတွက် အရင်တုန်းက စီမံချက်နဲ့ စနစ်တကျ လုပ်ခဲ့တာရှိခဲ့ဖူးတယ်။  နောက်ပိုင်းကျတော့ ပြည်ထောင်စုဘတ်ဂျက်နဲ့လုပ်မယ်ဆိုတော့ ပြည်ထောင်စုဘတ်ဂျက်က မချပေးဘူး။ အရင်တုန်းက NLD အစိုးရ၊ ခုလာမှာကလည်း NLD အစိုးရဆိုတော့ အရင်တုန်းက လက်မခံဘူးဆိုရင် ခုလည်း လက်ခံမှာ မဟုတ်ဘူးလေ” ဟု ပြောသည်။

မြောက်ဦးလေယာဉ်ကွင်း ပြီးမြောက်ရေးမှာ နည်းပညာအရမြင့်မားမှုရှိသလို လုပ်ငန်းလိုအပ်ချက် အရလည်း ကျယ်ပြန့်မှုများရှိနေသဖြင့် အဆိုပါကိစ္စအား ပြည်ထောင်စုအစိုးရကသာ ကိုင်တွယ် ဖြေရှင်း ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

“ဒီဟာက နည်းပညာလည်း မြင့်မားတယ်။ လုပ်ရမယ့် လုပ်ငန်းတွေလည်း ကျယ်ပြန့်တဲ့ အခါကျတော့ ပြည်ထောင်စု အစိုးရကိုပဲ လုပ်ဖို့ ပြောလိုက်တာ။ ပြည်ထောင်စုအစိုးရကလည်းပဲ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း တွေအတိုင်း ရင်းနှီးမြှုပ်နှံလုပ်မယ့်သူတွေကို  လိုက်ရှာရတဲ့ အနေအထားဖြစ်တယ်။ကျွန်တော်တို့ကတော့ ပြည်ထောင်စုအစိုးကိုပဲ နည်းပညာပိုင်းအရသော်လည်းကောင်း ၊ဘတ်ဂျက် လိုအပ်ချက်တွေလည်း မြင့်မားတဲ့ အတွက် ပြည်ထောင်စုအစိုးရကိုပဲ လုပ်ဖို့အတွက် တင်ပြထားတာဖြစ်တယ်” ဟု ဝန်ကြီးက ပြောသည်။

မြောက်ဦးလေယာဉ်ကွင်းကို ပြီးစီးအောင်တည်ဆောက်နိုင်ပါက ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်များစွာအထောက်အကူပြုမည်ဖြစ်သည့်အပြင် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံခြားဝင်ငွေတိုးပွားရေးနှင့် ရခိုင်လူမျိုးတို့၏ ဗိသုကာပညာအနုပညာလက်ရာများကို နိုင်ငံခြားသား ဧည့်သည်များအနေဖြင့် အချိန်အတိုအတွင်း လာရောက် လေ့လာနိုင်ကြမည်ဖြစ်၍ အကျိုးကျေးဇူး များစွာ ရရှိနိုင်ကြောင်း ဒေါ်ခင်သန်းက ပြောကြားသည်။

မြောက်ဦးလေယာဉ်ကွင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျ ငွေ မှာ ကျပ် ၂၅ ဒသမ ၆၁ ဘီလီ ယံဖြစ် ကြောင်းလည်းသိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...