အောင်ထိန် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ကလေးမိခင် အမျိုးသမီး တစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သော တပ်မတော်သားသုံးဦးကို ယနေ့(ဒီဇင်ဘာ ၁၁ ရက်)တွင် စစ်တွေမြို့နယ်ရှိ စစ်ဘက်ဆိုင်ရာခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။
“သူတို့သုံးယောက်ကို တစ်ယောက်ကို နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်လိုက်တယ်။ အပြစ်ရှိတဲ့သူကို အခုလိုအရေးယူ လိုက်တာကြောင့် ကျွန်မအနေနဲ့ ကျေနပ်ပါပြီ” ဟု ကျူးလွန်ခံရသူ အမျိုးသမီးကဆိုသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးအား ယခုကဲ့သို့ အမြင့်ဆုံးပြစ်ဒဏ်ဖြင့် အမိန့်ချမှတ်လိုက်ခြင်းမှာ တရားမျှတကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။
“ဒီလိုမျိုးပြစ်ဒဏ်ချမှတ်တာက ရာဇသတ်ကြီးမှာဆိုရင် ထောင်ဒဏ်နှစ် ၂၀ ဆိုတာက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တယ်။ အခု ၃၇၆ ကို တခြားပုဒ်မတွေနဲ့ပေါင်းပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်တာဟာ ကြီးလေးတဲ့ပြစ်ဒဏ်၊ အမြင့်ဆုံး ပြစ်ဒဏ်လို့မြင်တယ်။ တရားမျှတမှုရှိတယ်လို့လည်း မြင်တယ်” ဟု ဒေါ်မြသူဇာက ရှင်းပြသည်။
တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ ဇွန်လ ၂၉ ရက်နေ့က သေနတ်ပစ်ဖောက်ဝင်ရောက်လာ ပြီးနောက် ည ၁၁ နာရီအချိန့်တွင် နေအိမ်၌ပုန်းနေသည့် အမျိုးသမီးအား တပ်မတော်သားသုံးဦးက မှတ်ပုံတင် စစ်ဆေးမည်ဟုအကြောင်းပြပြီး နေအိမ်မှခေါ်ထုတ်ကာ အနီးရှိအခြားနေအိမ်တစ်ခုတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသည့်အမျိုးသမီးက ပြောသည်။
အဆိုပါ တပ်မတော်သားသုံးဦးအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တွေမြို့နယ်ရှိ စစ်ဘက်ဆိုင်ရာခုံရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့သဖြင့် တပ်မတော်အက်ဥပဒေပုဒ်မ- ၇၁၊ ၃၅(င)၊ ၄၇(၁)တို့အပြင် ရာဇသတ်ကြီး(နယ်ဖက်ပြစ်မှု)ပုဒ်မ-၃၆၆၊ ၃၇၆ စသည့်ပုဒ်မအသီးသီးနှင့် စွဲချက်တင်ခဲ့ပြီး ယနေ့၌ ယင်းသို့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ဖြစ်စဉ်အား ပထမဆုံးအကြိမ်ဖြင့် ထိရောက်စွာပြစ်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့သည့် အတွက် ကျေနပ်မှုရှိကြောင်းလည်း နစ်နာသူအမျိုးသမီးအား ကူညီဆောင်ရွက်ပေးခဲ့သည့် ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“ဒီလိုဖြစ်စဉ်က ဖြစ်ရိုးဖြစ်စဉ်မရှိဘူး။ ကချင်မှာဖြစ်သွားတဲ့အမှုဆိုရင် မပေါ်ခဲ့ဘူး။ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ပထမဆုံးအနေနဲ့ ပြစ်ဒဏ်ချမှတ်တာ တော်တော်လေးကို ထဲထဲဝင်ဝင်ဖြစ်တယ်။ ပြီးတော့ ကျွန်မတို့ နားလည် သလောက်က ဒီအမှုတွေက လွတ်ငြိမ်းချမ်းသာနဲ့ သိပ်မနီးစပ်ဘူး။ အဲဒါမျိုးတွေ တွေ့ရတဲ့အတွက် ကျမတို့က ကျေနပ်တယ်” ဟု ဒေါ်ညိုအေးကဆိုသည်။
လက်ရှိတွင် ထောင်ဒဏ်ချမှတ်ခံရသည့် တပ်မတော်သားသုံးဦးကို စစ်တွေမြို့အကျဉ်းထောင်သို့ ပို့ဆောင် ထားကြောင်း သိရသည်။
ထို့အပြင် အမျိုးသမီးအား တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ပြီးနောက် ငွေကျပ် ၂ သောင်း ပေးဆောင် ခဲ့သော တပ်မတော်အရာရှိတစ်ဦးကိုလည်း တပ်မတော်ဖက်မှ အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်းကို သိရှိခဲ့ရကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှသိရသည်။







