KIA ဒု-စစ်ဦးစီးချုပ်၏လူသတ်မှုကို ညီဖြစ်သူ NLD ကချင်အမတ်က ညှိနှိုင်းပေးခဲ့သည်ဆိုသော သတင်းမှား

KIA ဒု-စစ်ဦးစီးချုပ်၏လူသတ်မှုကို ညီဖြစ်သူ NLD ကချင်အမတ်က ညှိနှိုင်းပေးခဲ့သည်ဆိုသော သတင်းမှား
by -
KNG

KIA ဒု-စစ်ဦးစီးချုပ် လူသတ်မှုကိစ္စကို သူ၏ညီဖြစ်သူ ရွေးကောက်ခံကချင် NLD အမတ်တစ်ဦးက ကြားဝင်ညှိနှိုင်းကာ နစ်နာကြေးပေးခဲ့သည်ဆိုသော ရေးသားမှုမှာ သတင်းအမှားဖြစ်သည်ဟု မေးမြန်းသိရှိရသည်။

‘Kachin Daily News’ ဆိုသော facebook page တစ်ခုက နိုဝင်ဘာ ၁၂ ရက်နေ့တွင် ရေးသားထားသော ‘KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာမှ ၎င်း၏ အိမ်အကူရဲဘော်အား ခြေထောက်ဖြင့်ကန်ပြီး ဆုံးမရာ သေဆုံးသွားသောကြောင့် ထိုရဲဘော်၏ဇာတိဖြစ်သော တနိုင်းမှ မိခင်ကို ဒု-စစ်ဦးစီးချုပ်၏ညီဖြစ်သူ လက်ရှိ တနိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသော ဦးဇော်တန်က ညှိနှိုင်းပေးကာ ငွေကျပ် ၁၅ သိန်းပေးခဲ့ကြောင်း’ ဖော်ပြထားသည်။

ထိုသတင်းကို မျှဝေသူ လက်ရှိ ၁၂၇ ဦးထိရှိနေပြီး မှတ်ချက်ပြုသူများကလည်း သတင်းအမှားဖြစ်နိုင်ကြောင်း ရေးသားကြသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ခံရသော ဦးဇော်တန်ကို KNG က ဆက်သွယ်မေးမြန်းရာတွင် သတင်းအမှားဖြစ်သောကြောင့် အထူးတလည်ဖြေရှင်းမှုမျိုးလုပ်မည်မဟုတ်ကြောင်း ဆိုသည်။

“အရင်ကလည်း လွှတ်တော်ကိုယ်စားလှယ်က KIO ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညီဖြစ်တယ်ဆိုပြီး တိုက်ခိုက်တယ်။ အခု ရွေးကောက်ခံရတော့လည်း အဲလိုပြန်ရေးတယ်။ တနိုင်းသားတွေအကုန်သိတယ်။ ကျနော့်အကြောင်း ဘာမှဖြေရှင်းချက်ထုတ်စရာမလိုဘူး။ အပုပ်ချတဲ့အလုပ်ကို ဘယ်တော့မှ ဖြေရှင်းချက်မပေးချင်ဘူး” ဟုဆိုသည်။

အဆိုပါသတင်းကို ရေးသားသူမှာ ‘ထန်ကီး (တနိုင်း) ဆိုပြီးဖော်ပြထားသည်။

ထန်ကီးဆိုသူမှာ လက်ရှိ NLD ပါတီမှ တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး၏ နာမည်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ဦးလင်းလင်းဦး၏ နာမည်ကိုယူသုံးကာ အပုပ်ချသတင်းမှားဖြန့်ဝေခြင်းဖြစ်သည်ဟု ဦးဇော်တန်က ပြောသည်။

ဦးဇော်တန်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ မပြိုင်ခင်ကာလများကလည်း အလားတူတိုက်ခိုက်မှုများ ကြုံခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် တနိုင်းမြို့အတွင်း KIA ဘက်မှ လူသတ်မှုကိစ္စဖြင့် NLD အမတ်လောင်းကို လျော်ကြေးပေးခိုင်းသည့်ကိစ္စမှာ ဖြစ်နိုင်ခြေမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်သည်ဟု တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အတည်ပြုပြောဆိုခဲ့သည်။

“အဲကိစ္စနဲ့ပတ်သက်ပြီးမကြားမိပါဘူး။ ဒါက ဖြစ်နိုင်ခြေမှမရှိတာ။ ဘာကြောင့်လဲဆိုတော့ ကျနော်ဒီမှာ အုပ်ရေးမှူး တာဝန်ကိုထမ်းဆောင်နေတာ ၃ နှစ်လောက် ရှိသွားပြီပေါ့နော်။ ဒီသတင်းက ရွေးကောက်ပွဲပြီးမှ ပြန့်လာတယ်လို့ကြား သိရတယ်။ ပြီးရင် NLD အမတ်လောင်းနဲ့လည်း ကြားမှာ ချိတ်ဆက်မှုရှိပါတယ်။ သူ့အကြောင်းတွေလည်း သိသင့်သလောက်တော့ သိပါတယ်။ ပြောချင်တာက ဒါက သတင်းအမှားပါ” ဟုပြောဆိုသည်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...