ပလက်ဝ စစ်ရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များကူညီပံ့ပိုးပေးကြရန် နယ်ခံလွှတ်တော်ကိုယ်စားလှယ် တောင်းဆို

ပလက်ဝ စစ်ရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များကူညီပံ့ပိုးပေးကြရန် နယ်ခံလွှတ်တော်ကိုယ်စားလှယ် တောင်းဆို

Benezer - ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဆောင်းရာသီကာလအတွင်း စောင်နှင့်အနွေး အထည်များလုံလောက်မှုမရှိသည့်အတွက် ကူညီပံ့ပိုးပေးကြရန် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က တောင်းဆိုလိုက်သည်။

“ကျနော်တို့ ပလက်ဝနဲ့ ဆမီးက ချင်းပြည်နယ်မှာဆိုရင် ခက်ခဲတဲ့နေရာလို့ပြောလို့ရတယ်၊ ပူတဲ့အချိန်မှာဆို အရမ်းပူပြီးတော့၊ အေးတဲ့အချိန်မှာဆိုအရမ်းအေးတယ်၊ အခုနိုဝင်ဘာလဆိုရင် ဆောင်းရာသီအဝင်ဆိုတော့ နည်းနည်းအေးလာပြီ၊ အထူးသဖြင့် တိုက်ပွဲရှောင်တွေကတော့ ဒီတိုင်းထွက်ပြေးလာကြတဲ့သူတွေဖြစ်တယ်၊ နွေရာသီတို့ မိုးရာသီတို့ကတော့ ပြသနာမရှိဘူး၊ ခုဆောင်းရာသီမှာဆိုရင် အဓိကတော့ စောင်ပေါ့၊ တစ်ချို့အလှူရှင်တွေကတော့ လှူမယ်ဆိုပြီးကတိပေးထားတာတော့ရှိတယ်၊ ဒါပေမယ့်လူဦးရေကများတော့ လိုအပ်နေသေးတယ်ဆိုတာသေချာတယ်”ဟု ဆလိုင်းမျိုးထိုက်ပြောသည်။

ပလက်ဝမြို့နှင့်ဆမီးမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် လူဉီးရေ ၁ သောင်းကျော်ရှိပြီး အိမ်ထောင်စုအနေဖြင့် ၂၀၀၀ ကျော်ရှိသဖြင့် တစ်အိမ်ထောင်စုတွင် စောင် ၁ ထည်နှုန်းဖြင့် တွက်မည်ဆိုပါက စောင်အရေအတွက် ၂၀၀၀ ကျော်လိုအပ်ချက်ရှိနေပြီး မိသားစုဝင်တိုင်း စောင်လုံလုံလောက်လောက် ရရှိနိုင်ရန် အခက်အခဲရှိနေကြောင်း ဆလိုင်းမျိုးထိုက်ကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် စောင်နှင့်အနွေးအထည်များ လှူဒါန်းထားသူအချို့ရှိပြီး စစ်ဘေးရှောင်များထံရောက်ရှိနိုင်ရန် ပို့ဆောင်ပေးနေပြီး နိုဝင်ဘာလမကုန်ခင် စစ်ဘေးရှောင်များအားလုံး လွှမ်းခြုံကာ ကူညီပံ့ပိုးနိုင်ရန် လိုအပ်နေကြောင်း သိရသည်။

“ခုလက်တလောက တစ်ခြား စားဝတ်နေရေးထက် အရေးကြီးတဲ့အပိုင်းကတော့ အဝတ်အစားတွေဖြစ်နေတယ်၊ အဲဒါကြောင့် ဖိနပ်လေးတွေကအစ ဆောင်းမှာဝတ်လို့ရတဲ့ဖိနပ်တွေ၊ ဆောင်းမှာဝတ်လို့ရတဲ့ အဝတ်အထည်တွေ၊ ပြီးတော့ အဓိကတော့ ညအိပ်လို့ အေးရင် ခြုံဖို့စောင်လိုအပ်နေတယ်၊ အဲဒါတွေကို နိုဝင်ဘာအတွင်းမှာ တိုက်ပွဲရှောင်အားလုံး လွှမ်းခြုံနိုင်ဖို့လိုတယ်၊ အဲဒါကြောင့် နိုဝင်ဘာမကုန်ခင်မှာ စောင်နဲ့အဝတ်အထည်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်၊ အလှူရှင်တွေအနေနဲ့လည်း ဆက်လက်ပြီးတော့ ကူညီပေးဖို့တောင်းဆိုချ င်ပါတယ်”ဟု ဆလိုင်းမျိုးထိုက်ကပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် စောင်နှင့်အဝတ်အထည်များကို အလှူခံပေးထားပြီး ယခုရက်ပိုင်းအတွင်း ပို့ဆောင်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဉီးစိုးထက်ကပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

Most read this week

May 18, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ...
May 17, 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) စနစ်ဖျက်သိမ်းမှုနှင့်...
May 17, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့်...
May 16, 2024
ယနေ့ မေလ ၁၆ မနက်ပိုင်းတွင် တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊...