တွန်းဇံမြို့နယ်မှာ မဲစာရင်းကွာဟမှုရှိတယ်ဆိုတဲ့ သတင်းအမှား

တွန်းဇံမြို့နယ်မှာ မဲစာရင်းကွာဟမှုရှိတယ်ဆိုတဲ့ သတင်းအမှား
by -
Khonumthung Media Group

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေထက် မဲအရေအတွက်က ၄၆၀၀ ကျော်ပိုနေတယ်ဆိုတဲ့ သတင်းအမှားတစ်ခုဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံနှံ့လာခဲ့ပါတယ်။

အဲဒီမဲဆန္ဒနယ်မြေ (၂) မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၀၄၃) ဦးရှိသော်လည်း မဲရလဒ်မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီကိုယ်စားလှယ် ဦးပေါင်လွန်မင်းထန်က (၇၂၇၄) မဲ၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားလှယ် ဦးထန်ဆွင်းဇမ်းက (၅၄၄၄) မဲတို့ရရှိသဖြင့် မဲပေးပိုင်ခွင့်ရှိသူဦးရေထက် (၄၆၇၅) ဦး များပြားနေသည်ကို စီစစ်တွေ့ရှိရသည့်အတွက်ဟုဆိုကာ ပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ်စား ဒုတိယရဲမှူးကြီးဝဏ္ဏဇော်က ချင်းပြည်နယ် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌထံသို့ နိုဝင်ဘာလ ၉ ရက်နေ့ကပေးပို့သည့် မှတ်တမ်းတစ်ခု လူမှုကွန်ယက်စာမျက်နှာသို့ ပြန့်လာခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌထံကို ပေးပို့တဲ့ အဲဒီမှတ်တမ်းဟာ ဘယ်ကနေဘယ်လို ပေါက်ကြားလာတာလဲဆိုတာမသိရပေမယ့် တွန်းဇံမြို့နယ်မှာ မဲစာရင်းတွေကို ကွန်ပျူတာထဲစာရင်းရိုက်သွင်းတဲ့အချိန်မှာ ကွန်ပျူတာ error တက်တဲ့အတွက်ကြောင့် အဲလိုဖြစ်သွားတာလို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောပါတယ်။

“ကွန်ပျူတာစာရင်းသွင်းတဲ့သူက Excel စနစ်ကို တခါတည်း အော်တိုလုပ်ထားတဲ့အခါကျတော့ နှိပ်လိုက်တဲ့အခါမှာ ပေါင်းချူပ်မှာ ပေါင်းလိုက်တဲ့အခါမှာ နှစ်ဆတက်သွားတာပါ၊ ဒါကို သူသေချာသတိမထားလိုက်မိဘူး၊ ကိုယ်စားလှယ်တစ်ယောက်ထဲကိုပဲ ၂ ဆတက်သွားတာမဟုတ်ဘူး၊ ကိုယ်စားလှယ်အားလုံးရဲ့ မဲရလဒ်က ၂ ဆတက်သွားတယ်၊ ဒါက မဲမသမာလုပ်တာမဟုတ်ဘူး၊ ကျနော်တို့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ စီစစ်နေတဲ့ကာလမှာ အတည်လည်းမပြုသေးတဲ့အချိန်မှာ အတည်မပြုသေးတဲ့ကိန်းကဏန်းကို အွန်လိုင်းပေါ်မှာရောက်သွားတာ ကျနော်တို့လည်းအံ့သြတယ်" လို့ ဦးလင်းကျော်ကပြောပါတယ်။

မဲစာရင်းအမှန်မှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးပေါင်လွန်မင်းထန်က (၃၆၃၇) မဲ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆွင်းဇမ်းက (၂၇၆၀) မဲရရှိပြီး ဦးပေါင်လွန်မင်းထန်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်မှာပေါ်ပြန့်နှံ့သွားတဲ့ အဲဒီသတင်းအမှားဟာ ဘယ်သူ့ဆီကနေ စတင်ပြန့်နှံ့လာသလဲဆိုတာ မသိရပေမယ့် Ashin Vicara ဆိုတဲ့အကောင့်မှာတော့ Like & React ပြုလုပ်သူ ၃၀၀ နီးပါးရှိခဲ့ပြီး ထပ်ဆင့်ပြန်လည်မျှဝေသူပေါင်း ၁၀၀ ကျော်ရှိခဲ့ပါတယ်။

ဒါကြောင့် ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းအမှားတွေဟာ ပိုများလာပြီး အွန်လိုင်းပေါ်မှာတင်သမျှသတင်းတွေကို မယုံကြည်ဘဲ သတင်းအမှန်တွေကိုဖတ်ရှုဖို့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနရဲ့ သတင်းတွေကိုသာဖတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...