NLD အနိုင်ရရင် တိုင်းရင်းသားပါတီကို တရားစွဲထောင်ချမယ်လို့ သတင်းတု သတင်းမှားထွက်ပေါ်

NLD အနိုင်ရရင် တိုင်းရင်းသားပါတီကို တရားစွဲထောင်ချမယ်လို့ သတင်းတု သတင်းမှားထွက်ပေါ်
by -
KT

၂၀၂၀ ရွေးကောက်ပွဲမှာ NLD သာ အနိုင်ရခဲ့ရင် ဒေသအခြေစိုက်ပါတီကို ဖျက်သိမ်းခိုင်းပြီး မရရင် တရားစွဲဆိုထောင်ချမယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု အောက်တိုဘာလ ၂၇ ရက်နေ့မှာ Hla Phyi အကောင့်နာမည်နဲ့ ရေးသားတင်ပြထားတာကို တွေ့ရပါတယ်။ 

အကောင့်ထဲမှာ ရေးသားထားတာက ကယားပြည်နယ်မှာ NLD သာ အနိုင်ရခဲ့ရင် စစ်တပ်နဲ့ပေါင်းပြီး ကေအဲန်ပီပီကို လက်နက်ချခိုင်းပြီးတော့ ဒေသခံပါတီဖြစ်တဲ့ KySDP နဲ့ KNP ကို ဖျက်သိမ်းမယ်လို့ ရေးသားထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေ အထင်အမြင်လွဲမှားအောင် ပါတီနဲ့ စစ်တပ်နဲ့ကို တိုက်ခိုက်နေတာပါလို့ အဲန်အယ်လ်ဒီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောပါတယ်။ 

″ဒါက သတင်းတုသတင်းမှားလို့တောင် ပြောလို့မရတော့ဘူး၊ လုပ်ကြံသတင်းလို့ပဲ ပြောရမယ်။ သတင်းမှားတာတင်မဟုတ်ဘဲ ပြည်သူလူထုတွေ၊ မဲဆန္ဒရှင်အနေနဲ့ရော၊ ပါတီနဲ့ရော၊ တပ်နဲ့ရော စိတ်ဝမ်းကွဲအောင်လုပ်တာပါ။ မဟုတ်ပါဘူး၊ ဒါမှားပါတယ်″ လို့ မုံရွာအောင်ရှင်က ပြောပါတယ်။ 

NLD ပါတီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူးလို့ လက်ရှိ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစကိုကလည်း မှတ်ချက်ပြုထားပါတယ်။

″လောလောဆယ် ကယားပြည်နယ်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့က NCA လက်မှတ်ထိုးဖို့အတွက် ပြည်ထောင်စုကနေပြီးတော့ သူတို့ကို အများကြီးစည်းရုံးနေတဲ့ကာလဖြစ်နေတော့လေ ဒီလိုအကွဲကွဲအပြားပြားဖြစ်စေမယ့် ပဋ္ဋိပက္ခကို ပိုပြီးကြီးထွားစေမယ့် လုပ်ရပ်မျိုး ဘယ်တော့မှမလုပ်ပါဘူးလို့ နှစ်ဖက်လုံးက တည့်ကြပါတယ်″ လို့ မုံရွာအောင်ရှင်က ဆက်ပြောပါတယ်။

လက်ရှိမှာ KNPP အနေနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ပြည်ထောင်စုကနေ စည်းရုံးနေတဲ့ကာလဖြစ်နေတဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက် ပြဿနာပိုမိုကြီးထွားလာအောင်သာ ပြောဆိုနေကြတာဖြစ်တယ်လို့ မုံရွာအောင်ရှင်ကဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကနဦးကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီပေါင်း ၁၃ ပါတီရှိပေမယ့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) က မရှိတော့တဲ့အတွက် ၁၂ပါတီပဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၂၀ ပါတီစုံရွေးကောက်ပွဲကလည်း ရက်ပိုင်းသာလိုတော့တာဖြစ်တဲ့အတွက် လူမှုကွန်ယက်ကနေ ပါတီတွေကို ဦးတည်တိုက်ခတ်တဲ့ အရေးအသားတွေ အများအပြားဖြစ်ပေါ်နေတာကို တွေ့မြင်နေရပါတယ်။

စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုစာမျက်နှာမှာ သတင်းတစ်ပုဒ်တက်လာမယ်ဆိုရင် မှန်ကန်တဲ့သတင်းလား လုပ်ကြံဖန်တီးထားတဲ့သတင်းလားဆိုတာ သုံးသပ်ဆင်ခြင်ဖို့လိုအပ်ပြီး သတင်းမှားဖြစ်တယ်ဆိုရင် ထပ်မံဖြန့်ဝေခြင်းမပြုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...