ရနောင်း-ကော့သောင်း နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းစေရန် ကိုဗစ်ကန့်သတ်ချက် လျှော့ချရေး ထိုင်းဗိုလ်ချုပ် တိုက်တွန်း

ရနောင်း-ကော့သောင်း နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းစေရန် ကိုဗစ်ကန့်သတ်ချက် လျှော့ချရေး ထိုင်းဗိုလ်ချုပ် တိုက်တွန်း

မြန်မာနိုင်ငံ၊ ကော့သောင်းနှင့် ထိုင်းနိုင်ငံ၊ ရနောင်းတို့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ပြန်လည်အားကောင်းစေရန် COVID-19 ကန့်သတ်ချက်များ ဖြေလျှော့ရေး ထိုင်းတပ်မှူး ဗိုလ်ချုပ်နာရွန်ဖန် ဂျစ်ကဲအိုတေးက တိုက်တွန်းလိုက်သည်။

အောက်တိုဘာလ ၂၄ ရက်နေ့က အန်ဒမန်ကမ်းခြေတစ်လျှောက်လုံခြုံရေးအရ စောင့်ကြည့်ရေး လုပ်ငန်းများကို စစ်ဆေးရန် ရနောင်းမြို့သို့ ရောက်ရှိလာစဉ် ဗိုလ်ချုပ် နာရွန်ဖန်က ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။ ဗိုလ်ချုပ် နာရွန်ဖန်သည် နယ်စပ်အဝင်ဂိတ်ဖြစ်သော ခိုဆရန်နီးသို့လည်း သွားရောက်ခဲ့သည်။

ပြည်သူ့ကျန်းမာရေး စိုးရွံ့မှုက ထိုင်းနှင့် မြန်မာ နှစ်ဖက်စလုံး၏ ဒေသတွင်း စီးပွားရေးကို ရပ်တန့်စေခဲ့ကြောင်းလည်း ထိုင်းဗိုလ်ချုပ်က ပြောသည်။

ရနောင်းမြို့သည် COVID-19 ထိန်းချုပ်ရေးတွင် အတွေ့အကြုံရနေပြီဖြစ်ပြီး တစ်ဖက်ခြမ်း ကော့သောင်းတွင်လည်း ကိုဗစ်ကူးစက်မှုနှုန်း နည်းပါးကာ ပိုးတွေ့သူ သုံးဦးသာ ရှိကြောင်းလည်း ဗိုလ်ချုပ် နာရွန်ဖန်က ဆိုသည်။  

ရနောင်းသည်လည်း နိုင်ငံခြားသား ဧည့်သည်အချို့ကို လည်ပတ်ခွင့် ပြုထားသည့် ဖူးခက်ကို နမူနာယူရန်၊ ခရီးသွားသူများကို ကွာရန်တင်းဝင်ခိုင်းရန်နှင့် နယ်စပ်ဝင်ထွက်ခွင့် တင်းကျပ်မှုကို ဖြေလျှော့ပြီး နှစ်ဖက်နိုင်ငံသား များ အလုပ်ပြန်စရန်နှင့် ကုန်သွယ်ကြရန်လည်း သူက တိုက်တွန်းသည်။

“COVID-19 အချက်အလက်တွေကို စစ်ဆေးပြီးတဲ့နောက် ရနောင်းမှာ ပြည်သူ့ကျန်းမာရေး အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ ယူဆပါတယ်။ ဒါပေမယ့် ကိုဗစ်စည်းကမ်းတွေ ဘယ်လောက်အထိ လျှော့ပေးမလဲဆို တာကတော့ ထည့်သွင်းစဉ်းစားရပါမယ်” ဟု ၎င်းက ပြောသည်။

ဒေသန္တရ အာဏာပိုင်များ၏ အဆိုအရ ကိုဗစ်ကာလမတိုင်ခင်က တစ်ရက်လျှင် ရနောင်းဆိပ်ကမ်းသို့ ဆိုက်ကပ်သည့် လှေ ၁၆၀ ခန့်ရှိကြောင်း၊ ယခု ကိုဗစ်ကာလဖြစ်ပြီးနောက် ဆိုက်ကပ်သည့် လှေ ၄၀ အထိ လျော့ကျသွား ကြောင်း သိရသည်။  

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံး၏ စီးပွားရေးသည် အပြန်အလှန် မှီခိုနေရကြောင်း၊ လက်ရှိတွင် ရနောင်း-ကော့သောင်း နယ်စပ်တွင် မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် တရားမဝင် ခိုးဝင်မှုများ ရှိမနေကြောင်းလည်း ထိုင်းဗိုလ်ချုပ်က ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...