ရွေးကောက်ပွဲမရှိတော့သည့် ရခိုင်ကမြို့နယ်များတွင် စစ်ဘောင်ပိုကျယ်လာနိုင်ဟုဆို

ရွေးကောက်ပွဲမရှိတော့သည့် ရခိုင်ကမြို့နယ်များတွင် စစ်ဘောင်ပိုကျယ်လာနိုင်ဟုဆို

မင်းထွန်း — ရွေးကောက်ပွဲမရှိတော့သည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် စစ်ဘောင်ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၉ ခုရှိပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် မကျင်းပ နိုင်သည့် မြို့နယ် ၄ ခုရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ အောက်တိုဘာလ ၁၆ ရက် နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

“နိုင်ငံရေးကတော့ အားပျော့သွားတဲ့သဘောရှိတယ်။ နိုင်ငံရေးဘောင်ကျဉ်းလို့ရှိရင် စစ်ဘောင်ကျယ်လာတယ်။ အဲဒီတော့ နိုင်ငံရေးဘောင်ကျဉ်းသွားရင်တော့ ဘာပဲဖြစ်ဖြစ် မြေပြင်က ပြည်သူတွေတော်တော်လည်း အထိ နာကြရမှာပဲ။ ဆိုတော့ ဒီစစ်ဘောင်ကျယ်လာရင် ဘယ်သူ့အတွက်မှမကောင်းဘူး။ အဲဒီအတွက်ကြောင့် နိုင်ငံရေးလည်းရှိဖို့လိုတယ်။ ဒီနိုင်ငံရေးမရှိဘူးဆိုရင် စစ်ဘောင်ကြီးဟာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ ပိုပြီး တော့ ကျယ်ပြန့်လာလိမ့်မယ်”  ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် (၉)ခုမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ကြသည်။

ယင်းအထဲမှ ပေါက်တောနှင့် မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျန်သည့် မြို့နယ် (၇)မြို့နယ် တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် ရွေးကောက်ပွဲမကျင်းပခြင်းသည် ယင်းဒေသများမှ ပြည်သူများအသံကို ကိုယ်စားပြုပြောဆိုမည့် လွှတ်တော်ကိုယ်စားလှယ်များရှိတော့မည် မဟုတ်သည့်အတွက်ကြောင့် ဒေသခံ ပြည်သူများအတွက် များစွာစိုးရိမ်ရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုသည်။

“ပြည်သူတွေမှာတော့ အခုလည်းတိုက်ပွဲတွေကြောင့် ပြေးနေရတယ်၊ သေနေရတယ်။ အဲဒီလိုအနေအထားတွေ ဖြစ်နေတယ်၊ ဆိုတော့ တရားဥပဒေစိုးမိုးမှုမရှိဘူး၊ အုပ်ချုပ်ရေးအာဏာ ပျက်ယွင်းနေတယ်။ အဲဒါကြောင့် လူထုတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်။ အဲဒါတွေကို ကိုယ်စားပြုပြီး ကျနော်တို့ စကားမပြောနိုင် တော့ဘူးဆိုတော့ လူထုအတွက် အများကြီး စိုးရိမ်နေရတယ်” ဟု ၎င်းကပြောသည်။

ရခိုင်က မြို့နယ်အများအပြားတွင် လုံခြုံရေးမပေးနိုင်သည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းသည် အစိုးရ၏ တရားဥပဒေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးပိုင်း လစ်ဟာနေကြောင်းကို ဖော်ပြသလိုမျိုးဖြစ်နေကြောင်း ဦးအောင်သောင်းရွှေကဆိုသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များသည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များသည် တိုင်းရင်းသားပါတီများ အားကောင်းသည့်နေရာများ ဖြစ်သည့်အတွက် အဆိုပါမြို့နယ်များ၌ ရွေးကောက်ပွဲမကျင်းပခြင်းနိုင်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်လောင်းများက မေးခွန်းထုတ်ကြသည်။

“ရခိုင်မှာက တောင်ပိုင်း ၄ မြို့နယ်လောက်ပဲ အပြတ်အသတ်ကျင်းပနိုင်တာပေါ့။ အဲဒါကိုတော့ မရိုးသားဘူးလို့ မေးခွန်းထုတ်ချင်တယ်။ ပြောချင်တာက တိုင်းရင်းသားပါတီတွေ အားကောင်းတဲ့နေရာတွေကိုမှ ရွေးကောက်ပွဲ မကျင်းပဖြစ်ပုံစံမျိုး ဖြစ်နေတယ်။ ဥပမာပြောရမယ်ဆိုရင် ပေါက်တော၊ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲဖြစ် တာမရှိဘဲ တမင်ချန်လှစ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ကိုယ်စားပြုပြီး မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဦးမောင်ဝင်စိုးက ၎င်းကအမြင်ကို ပြောသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ကျနော်တို့ပါတီက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိတဲ့ မြို့နယ်တွေကို သတ်မှတ်တာမှာ တစ်စုံတစ်ရာပါဝင်တာမရှိပါဘူး။ ဒီနေရာမှာသတိထားရမှာက လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာဟာ ဘာသာရေးကိုအစွဲပြုပြီးတော့ လက်နက်ကိုင်နေတဲ့ အုပ်စုတွေရှိပါတယ်။ ဒါကြောင့် ကျနော်တို့လုံခြုံရေးအရ စိတ်မချရဘူးဖြစ်ရတာ။ အဲဒီနေမြေတွေမှာ လူမျိုးရေးကိုအခြေခံပြီးတော့ လူပ်ရှားနေတဲ့ နိုင်ငံရေးပါတီတွေဟာ ပိုပြီးတော့အားသာတယ်ဆိုတာလည်း မှန်ပါတယ်။ အဲဒီတော့ လူမျိုးရေးကိုအခြေခံတဲ့ လက်နက်ကိုင် လှုပ်ရှားမှုကြောင့် အခုလိုလုံခြုံရေးစိတ်မချရလို့ မကျင်းပခြင်းသာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

သို့သော်လည်း ရခိုင်မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းက အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် အမျိုးသားရင့်ကြားစေ့ရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ဘေးဖယ်လိုက်ခြင်းဖြစ်သည်ဟု ANP ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းအောင်ကဆိုသည်။

“အခုအနေအထားက သက်ဆိုင်တဲ့ အစိုးရရော၊ စစ်တပ်ပါ လစ်လျူရှုပြီးတော့ အမျိုးသားရင့်ကြားစေ့ရေးကို မြောင်းထဲကိုပို့လိုက်တယ်။ ဒီမိုကရေစီစံချိန်စံနှုန်းတွေကို အကုန်လုံးကိုဘေးဖယ်လိုက်တာဖြစ်တယ်လို့ ပထမ မှတ်ချက်ပေးချင်တယ်။ ဒုတိယတစ်ခုက လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အနေအထားတစ်ခုကိုတော့ အစ ကတည်းကသိပြီးသားပေါ့လေ။ အစိုးရအနေနဲ့ အဲဒါကို ဘာကြောင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနည်းလမ်း တွေရှာပြီးတော့ မဆွေးနွေးတာလဲ၊ ဘာကြောင့်ဆွေးနွေးဖို့မလုပ်တာလဲပေါ့” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၈ နှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုသည် လက်ရှိမှာ ၂ နှစ်နီးပါးရှိလာပြီး ယခုအချိန်ထိ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည်။

နိုင်ဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၁၆၄၇၀၀၀)ကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကေ်ာမရှင်အဖွဲ့(ခွဲ)ထံမှ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၄ ခုရှိသည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂ သိန်းကျော် မဲပေးခွင့်ဆုံးရှုံးသွားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ ထုတ်ဖော်ပြောဆိုထားသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...