ရွေးကောက်ပွဲမကျင်းပ နယ်မြေသတ်မှတ်ချက် တရားမျှတမှု မရှိ

ရွေးကောက်ပွဲမကျင်းပ နယ်မြေသတ်မှတ်ချက် တရားမျှတမှု မရှိ

ပြည်ထောင်စုရွေးကောက်ပွဲ ကောက်မရှင် UEC ၏ ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် နယ်မြေများသတ်မှတ် ထုတ်ပြန်ချက်သည် တရားမျှတမှု မရှိသည့်အပြင် တိုင်းရင်းသားပါတီများကို နှိပ်ကွပ်နေသည့် ပုံစံဖြစ်နေသည် ဟု တိုင်းရင်းသားပါတီ အချို့ က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က UEC မှ ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့ရှိ မြို့နယ်အလိုက်နှင့် အချို့ကျေးရွာအုပ်စု တော်တော်များများကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ် နိုင်ကြောင်း ထုတ်ပြန်ထားသည့်အပေါ် တိုင်းရင်းသားပါတီအချို့က တုန့်ပြန်ပြောဆိုလိုက် ခြင်းဖြစ်သည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန်က “လွတ်လပ်၍ တရားမျှတ၍ ဆိုတာ အမှန်မှန် တရားမျှတမှ လွတ်လပ်မယ်လေ တရားမျှတမှ လွတ်လပ်မယ်ဆိုတဲ့ အနေအထားမှာ အခုလည်း အဲလိုပုံစံ မျိုး ဖြစ်လာတဲ့အခါကျတော့ တရားမျှတမှု မရှိဘူး။ တရားမျှတမှု မရှိဘူးဆိုတဲ့အတွက် မလွတ်လပ်နိုင်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဒီအတိုင်းပဲထားမယ်ဆိုလို့ရှိရင်လည်း အကောင်းဖြစ်သွားမယ့် ဥစ္စာကိုအခုပုံစံမျိုး အဲလိုပြန်ပြီး လုပ်လိုက်ခြင်းအားဖြင့် ဘယ် လိုဖြစ်လာသလဲ ဆိုလို့ရှိရင် ပါတီကြီးတွေက တိုင်းရင်းသား ပါတီ တွေကို နှိပ်ကွပ်တဲ့ သဘောလို့ ကျနော်တို့က ယူဆတယ်” ဟု ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကလည်း UEC ၏ ထုတ်ပြန်ချက် သည် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးခွင့် ဆုံးရှုံးမှုကို ဖြစ်စေသည့်အတွက် တရား မျှတမှုမရှိသည့် ထုတ်ပြန်ချက်ဖြစ်သည်ဟု ခံစားရကြောင်း ပြောသည်။

“အခုလို ရွေးကောက်ပွဲနယ်မြေကို ကန့်သတ်ပစ်လိုက်တာ ကိုယ်တိုင်က ကျနော်တို့ ပြည်သူတွေ အနေနဲ့ ဆိုရင် ပြည်သူ့ကိုယ်စားပြောရမယ်ဆိုရင်တော့ ဒီလိုကန့်သတ်ပစ်လိုက်တာ ကိုယ်တိုင်က မမျှတဘူးဆိုတဲ့ ဟာတော့ ကျနော်တို့ အဲလိုခံစားရတယ်။”

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသကိုသာ ကြည့်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နယ်မြေ သတ်မှတ်သကဲ့သို့ ကျန်းမာရေး လုံခြုံရေးအရလည်း COVID-19 ကပ်ရောဂါကြောင့် ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသည် သာမက အသေအပျောက်နှုန်းလည်း များလာနေသည့် ရန်ကုန်တိုင်း ကဲ့သို့ ဒေသမျိုးကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့်နေရာတွင် အဘယ်ကြောင့် မထည့်သွင်းခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဦးမျိုးကျော် က ဆက်ပြောသည်။

ဦးမျိုးကျော်က “ကျနော်တို့ကတော့ မေးခွန်းအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မေးချင် တယ်။ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေပဲ ဒီရွာအတွက် ပြည်သူတွေအတွက် စိုးရိမ်စရာ တစ်နည်းအားဖြင့် ပြောရင် ဒီရွေးကောက်ပွဲအတွက် အဟန့်အတား ဖြစ်တယ်ဆိုတဲ့ဟာမျိုးလို့ သတ်မှတ်ပြီးတော့ အခုလို နေ ပြီးတော့ ကျနော်တို့ ဒီမှာရှိနေတဲ့ ပြည်သူတွေအတွက်ကကော ဒီရွေးကောက်ပွဲ ကျင်းပဖို့အတွက် အဟန့် အတား အနှောက်အယှက်မဖြစ်နိုင်ဘူးလား။ ဒီရောဂါကြီးကို သူတို့ကာကွယ် ထိန်း သိမ်းပေးနိုင်တဲ့ အစီ အစဉ်တွေ ရှိပြီလား ဆိုတဲ့ဟာမျိုးပေါ့နော်။ ဒါလည်းကျနော်တို့က ဆက်စပ်ပြီးတော့ မေးရမယ်လို့ ထင် တယ်။ ကျနော်တို့ အဲဒါတွေကိုလည်း UEC အနေနဲ့ မျှတဖို့ဆိုရင် လွတ်လပ်တဲ့ မျှတတဲ့ အဖွဲ့အစည်းဖြစ်ဖို့ ဆိုရင် ဒါတွေကို ဖြေရှင်းပေးဖို့လိုမယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန်ကလည်း ရွေးကောက်ပွဲကျင်းပမည့် နယ်မြေများကို ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတိုင်း ပြုလုပ်သွားမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း၊ သို့သော် ယခုကဲ့သို့ နယ်မြေမတည်ငြိမ်မှုကို အကြောင်းပြုပြီး နယ်မြေကန့်သတ်လိုက်ခြင်းသည် တရားမျှတမှုကို ထိ ခိုက်စေသည်ဟု ဆိုသည်။

ဦးညီစိန် က “ခုနကျနော်ပြောတဲ့ အတိုင်းပါပဲ ဒီအတိုင်းပဲ ထားလိုက်မယ်ဆိုလို့ရှိရင် အဲဒါကို မထုတ်ပြန်ပဲနဲ့ ဒီအတိုင်းပဲ ရွေးကောက်ပွဲ လုပ်သွားတယ်ဆိုလို့ရှိရင်တော့ တရားမျှတမှုဆိုတာ ဖြစ်လာနိုင်တယ်။ မအေး ချမ်းဘူး ဆိုပါအုံးတော့ မအေးချမ်းဘူးဆိုလို့ရှိရင်လည်းပဲ အေးချမ်းနိုင်အောင် တစ်ခြားနည်းနဲ့ တစ်ခြားဟာ နဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် အဆင်ပြေနိုင်မယ့် သဘောရှိတာကို အခုလိုကန့်သတ်လိုက်တဲ့ အခါကျတော့ပိုပြီးတောင်တရားမျှတမှု မရှိနိုင်ဘူးလို့ ကျနော်တို့က မြင်ပါတယ်ဗျာ” ဟု ပြောသည်။

ထို့အတူ UEC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပေါင်းစည်းထားသည့် တိုင်းရင်းသားပါတီ ၅ ပါတီကလည်း အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲတစ်ခု၏ အရေးကြီးဆုံးသော အင်္ဂါရပ်တစ်ခုမှာ လွတ်လပ်တရားမျှတမှု ဖြစ်ပြီး ယခု ထုတ်ပြန် ချက်ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျ မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပြင် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို မေးခွန်းထုတ်စရာ ဖြစ်စေပါသည် ဟု ပါရှိသည်။

ထို့အပြင် ယခုကာလကဲ့သို့ နိုင်ငံသား တန်းတူအခွင့်အရေးရရှိပြီး လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိစေသည့် နည်းလမ်းဖြင့် နိုင်ငံရေးဘောင်ကို ချဲ့ထွင်ရန် မဖြစ်မနေလိုအပ်နေသည့် နိုင်ငံရေးအနေအထားမျိုးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယခုထုတ်ပြန်ကြေညာချက်သည် ရွေးကောက်ပွဲ ကျင်းပ ခြင်း မပြုမည့် နယ်မြေများမှ တိုင်းရင်းသားများအား လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာရောက်သည်ဟု ရှု့မြင်ပါသည် ဟု တိုင်းရင်းသားပါတီ ၅ ခု က ပြောသည်။

သို့ပါ၍ အဆိုပါဒေသများရှိ တိုင်းရင်းသား ပြည်သူများ၏ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ရွေးကောက်ခံခွင့် နှင့် မဲပေးခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေး တို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခုထုတ်ပြန်ချက်ကို ပြည်လည်သုံးသပ်ပြင်ဆင်ပေးရန်လိုအပ်ပါကြောင်း ပေါင်းစည်းထားသည့် တိုင်းရင်းသား ပါတီ ၅ ခု၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ပေါင်းစည်းထားကြသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ မွန်ညီညွှတ်ရေးပါတီ MUP၊ ကချင် ပြည်နယ်ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD တို့ ဖြစ်သည်။

UEC ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ ရှမ်းပြည်နယ်တွင် မြို့နယ် ၆ မြို့ နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ်တို့မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၉ စု၊ ရခိုင်ပြည်နယ်ရှိ မြို့ နယ် ၉ မြို့နယ်နှင့် အခြားမြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၃၇ အုပ်စုတို့ ပါဝင်သည်။

ထို့အပြင် ကရင်ပြည်နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု  ၅၂ စု၊ ကချင်ပြည်နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု ၊ ပဲခူးတိုင်းထဲက မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု နှင့် မွန်ပြည်နယ်ထဲက ၁ မြို့ နယ်မှ ကျေးရွာအုပ်စု ၁ စု တို့ပါဝင်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...