မွန်ပြည်သူ့စစ်က ခရိုင်အဆင့် တာဝန်ရှိသူကို လုပ်ကြံပစ်ခတ်ခဲ့ကြောင်း မွန်ပြည်သစ် စွပ်စွဲ

မွန်ပြည်သူ့စစ်က ခရိုင်အဆင့် တာဝန်ရှိသူကို လုပ်ကြံပစ်ခတ်ခဲ့ကြောင်း မွန်ပြည်သစ် စွပ်စွဲ

မွန်ပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးသေဆုံးသွားသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူ က ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု စုံနံ့သာကျေးရွာခံသင်းတံတားအနီးတွင် အခြေစိုက်သည့် မွန်ပြည်သူ့ စစ်အဖွဲ့မှသေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီအဆင့် တာဝန်ရှိသူ တစ်ဦး သေဆုံးသွားသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ညက အဆိုပါ မွန်ပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သည့်အတွက် လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသည့်အတွက် မွန်ပြည်သစ်ပါတီနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှ အတည်ပြု စိစစ်ခဲ့ရာ သေဆုံးသူသည် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် နိုင်ဇော်လတ် ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

“သူတို့ ဂိတ်စခန်းကို ပစ်လို့ သူတို့ ပြန်ပစ်လို့ သေဆုံးသွားတယ် ပြောတယ်၊ အဲဒါက မဖြစ်နိုင်ဘူး၊ စခန်းကိုပစ်ရင် ပစ္စတို လိုမျိုး လက်နက်ငယ် သုံးမှာတော့ မဟုတ်ဘူး၊ လက်နက်ကြီးတွေနဲ့ ပစ်မှာပေါ့၊ အခု သေသွားတဲ့ လူမှာ ပစ္စတိုတစ်လက် တွေ့တယ်၊ သေနေတဲ့နေရာကလဲ သူတို့စခန်းနဲ့ ၁ ဖာလုံကျော်လောက်ရှိတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သူ့စစ်အဖွဲ့ မှ နိုင်ရာဇာသည် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ၎င်းတို့စခန်းကို လာရောက် ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ရာမှ လူတစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း ထုတ်ပြောထားသည်။

ထိုသို့ ထုတ်ပြောခြင်းသည် ၎င်းကျူးလွန်ခဲ့သည့်ဖြစ်စဉ်ကို ဖုံးကွယ်ရန်အတွက် လိမ်လည် သတင်းထုတ်ပြန် ခြင်းဖြစ်သည် ဟု မွန်ပြည်သစ်ပါတီ က ပြောသည်။

သေဆုံးသူ ရုပ်အလောင်းတွင် ကျန်ခဲ့သည့်ကျည်သည် မွန်ပြည်သူ့စစ်အဖွဲ့ မှ နိုင်ရာဇာ ကိုင်ဆောင်သည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း နိုင်ဇော်လတ် ရရှိထားသည့် ဒဏ်ရာအနေအထားသည်လည်း ပစ်ခတ် လုပ်ကြံခံခဲ့ရ ခြင်းဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီက ပြောထားသည်။

ဖြစ်စဉ် နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူတို့မှ တရားလိုပြုလုပ်၍ ရေးမြို့မ ရဲစခန်း တွင် အောက်တိုဘာ ၁၆ ရက်နေ့က ပ-၅၂၁/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားတိုင်ကြား ထား သည်။

နိုင်ရာဇာကို အခင်းဖြစ်ပြီး နောက်ရက်တွင် ဖမ်းဆီးရမိထားသည် ဟု ရေးမြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးဝင်းမြင့်က ပြောသည်။

၂၀၀၉ ခုနှစ်တုန်းကလည်း မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီအဆင့်ရှိသူ နိုင်မင်းနောင်ကို မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ မှ လုပ်ကြံပစ်ခတ်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် တစ်ခုလည်း ရှိခဲ့သည်။

ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့ ပေါင်းစုံရှိသည့် မြို့နယ် တစ်ခုဖြစ်သည်။

ရေးမြို့နယ်အတွင်း တပ်မတော်အပြင် မွန်ပြည်သစ်ပါတီ(NMSP)၊ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ ၊ မွန် ပြည်သူ့စစ်အဖွဲ့ များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ အခြားမွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် လက်နက်ကိုင်အစုအဖွဲ့များ မြေမြှုပ်မိုင်းပေါက်ကွဲမှုများလည်း မကြာခဏဖြစ်ပွားနေသည့် နေရာဖြစ်သည်။

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...