မြောက်ဦးဒေသခံ ဦးအေးကျော် သေဆုံးမှုကို ဖော်ထုတ်အရေးယူပေးရန် မိသားစုဝင်က လူ့အခွင့်အရေးကော်မ ရှင်ထံတိုင်ကြား

မြောက်ဦးဒေသခံ ဦးအေးကျော် သေဆုံးမှုကို ဖော်ထုတ်အရေးယူပေးရန် မိသားစုဝင်က လူ့အခွင့်အရေးကော်မ ရှင်ထံတိုင်ကြား

တပ်မတော်၏ စစ်ကြောရေးအတွင်း အငြင်းပွားဖွယ်ရာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်ဆိုသော မြောက်ဦးမြို့နေ ဦးအေးကျော် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် ၎င်း၏အစ်မဖြစ်သူ မတင်ဝင်းက မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ထံသို့ အောက်တိုဘာ ၉ရက်က တိုင်ကြားလိုက်သည်။

မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်မျှ ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးကို ရိုက်နှက်နှိပ်စက်သတ်ဖြတ် ခြင်းအား ခွင့်ပြုထားခြင်းမရှိသည့်အတွက် ဦးအေးကျော် သေဆုံးမှုတွင် ပါဝင်ခဲ့သူများနှင့်တာဝန်ရှိသူများကို ကော်မရှင်အနေဖြင့် တရားမျှတမှု၊သာတူညီမျှမှုတို့အား ရှေးရှု့ကာ ဖော်ထုတ်အရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်းတန်းခြင်းဖြစ်ကြောင်း ယင်းတိုင်ကြားစာတွင် ဖော်ပြထားသည်။

“အမှန်တရားကို ရပ်တည်ပေးပါ။ နောက်လာနောင်သားတွေလည်း မဖြစ်ရအောင်၊ တခြားမိသားစုတွေလည်း မဖြစ်ရအောင်။ AA လို့ သတ်မှတ်ထားတယ်တဲ့။ မဟုတ်ပါ။ ကျွန်မမောင်ဟာ AA မဟုတ်ဘူးဆိုတာကို အာမခံတယ်။ ဒါကြောင့်လည်း ကျွန်မ အမှုလုပ်တာပါ။ အမှန်တရားကို ရပ်တည်လို့လုပ်ရင် ကျေနပ်ပါပြီ။ သူတို့လိမ်ပါတယ်ရှင့်။ ဖမ်းထားတာကို မဖမ်းလို့ပြောပြီးရင် အလောင်းကို လာပို့ပါတယ်။”ဟု ဒေါ်မတင်ဝင်းက ပြောသည်။

ဦးအေးကျော်သည် စက်တင်ဘာလ ၂၇ ရက်နေ့က တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတချို့အား နားထင်ကျေးရွာသို့ သုံးဘီးငယ်ဖြင့် လိုက်လံပို့ဆောင်စဉ် အောင်မင်္ဂလာကျေးရွာအလွန်တွင်ရှိသည့် တပ်မတော် ခမရ (၃၇၇) တပ်ရင်း၏  ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် စက်တင်ဘာ ၂၈ရက်၊ ညနေ ၄ နာရီခွဲခန့်အချိန်တွင် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ လက်နှစ်ဖက်တွင် ကြိုးတုတ်ခံထားရသည့် ဒဏ်ရာများဖြင့် ၎င်း၏အလောင်းကို မြောက်ဦးပြည်သူ့ဆေးရုံတွင် တွေ့ရှိခဲ့သည်။

တပ်မတော်ဘက်ကမူ သုံးဘီးဆိုင်ကယ်အားစစ်ဆေးရာ ဦးအေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ ရခိုင်တပ်(AA) ၏အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းနှင့်ပဏာမစစ်ဆေးချက်တွက် ဦးအေးကျော်သည် ရခိုင်တပ်(AA)၏ တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မြောက်ဦးတပ်နယ်မှ စစ်သည် တစ် ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှ အရပ်သား လူငယ် နှစ်ဦးအား ဖမ်းဆီးခြင်းတွင် ဦးဆောင် ဆောင်ရွက်ခဲ့ ကြောင်း ဝန်ခံခဲ့ကြောင်းနှင့်  စစ်ကြောရေးလုပ်နေသည့် စစ်သည်ထံမှ သေနတ်ကိုလုယူကာ မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က  AAတပ်ဖွဲ့၏ ဝတ်စုံဝတ်ဆင်ထားသည့် ဦးအေးကျော်၏ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

မိသားစုဝင်များကမူ သေဆုံးသူ ဦးအေးကျော်သည် ရခိုင်တပ်(AA)၏ တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ငြင်းဆိုကြ သည်။

“ကျွန်မ အိမ်ရှင်လုပ်တာကို စားနေရတာ။ တစ်နေ့မှာ ငါးထောင်ရရ။ တစ်သောင်းရရ ရှာစားနေတာ။ ကျွန်မအိမ်ရှင် မရှိရင် ဘယ်သူလုပ်ကျွေးမလဲ။ သမီးနှစ်ယောက်လုံးကို ကျွန်မ ဗိုက်ခွဲပြီးမွေးထားရတာ။ ကျွန်မ ဘာမှ မလုပ်နိုင် ဘူး။ လုပ်ပေးမယ့်သူလည်း မရှိတော့ဘူး။ အိမ်ကိုလည်း လာပြီးတော့ မွှေပါတယ်။ ဆရာတို့ဘာတွေ့လည်း မေးတော့ မသင်္ကာစရာ မတွေ့ဘူး။ တာဝန်အရလာစစ်တာလို့ ပြောခဲ့တယ်။ ကျွန်မမှာ ခံစားလို့လည်း မပြီးနိုင် တော့ဘူး။ ကျွန်မအိမ်ရှင် AA မဟုတ်ဆိုတာကို ကျွန်မအမှန်အကန်ပြေတာပါ။ ရိုးရိုးသားသားလုပ်စားနေတာ ပါ။”ဟု သေဆုံးသူ ဦးအေးကျော်၏ ဇနီးဒေါ်ဦးမြနုက ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ် ရဲစခန်း၌ မိသားစုက အမှုဖွင့်ရန်ကြိုးပမ်းရာတွင် လက်မခံသဖြင့် အမှုဖွင့်ရန် ဥပဒေအကြံပေးတောင်းခံလာကြောင်း ရခိုင်ရှေ့နေများကောင်စီအဖွဲ့ဝင် ကိုငြိမ်းချမ်းက ပြောသည်။

“သေပြီးနောက်ပိုင်းမှာ အမှုဖွင့်ချင်တယ်ဆိုတော့ ရဲစခန်းမှာလည်း တိုင်လို့မရလို့ ပြောတယ်။ AA မဟုတ်ဘူး ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့က တယ်လီဖုန်းတို့၊ စာတိုက်တို့၊ ကြေးနန်းတို့ကနေပြီးတော့လည်း အမှုဖွင့်လို့ရတယ်လို့ ပြောပြလိုက်ပါတယ်။ ကျန်တာကတော့ သူတို့အပိုင်းပေါ့။” ဟု ရခိုင်ရှေ့နေများကောင်စီအဖွဲ့ ကိုငြိမ်းချမ်းက ပြောသည်။

ဓာတ်ပုံ - အောင်အောင်ထူး 

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...