မြေပုံ စညှင်းစစ်ဘေးရှောင်စခန်း ရိက္ခာများပြတ်လပ်နေ

မြေပုံ စညှင်းစစ်ဘေးရှောင်စခန်း ရိက္ခာများပြတ်လပ်နေ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများပြတ်လပ်နေသည်မှာ နှစ်ပတ်ကျော်ခန့် နီးပါးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

စညှင်းစစ်ဘေးရှောင်စခန်းသည် အစိုးရအသိအမှတ်ပြုထားသော စခန်းမဟုတ်သဖြင့် အစိုးရ၏ ကူညီ ထောက်ပံ့မှုကို မရရှိသောကြောင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ရပ်တည်နေရသော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

စခန်းတာဝန်ခံ ကိုသူရမိုးက “ အလှူရှင်တွေမရောက်တဲ့အတွက် ရိက္ခာတွေ မပေးရတာ ကျနော်တို့ လခွဲလောက် ရှိနေပြီ။ တစ်ရက်မှာ လူတစ်ယောက်ကို ဆန်နှစ်ဗူးနှုန်းနဲ့ ကျနော်တို့ တစ်ပတ်တစ်ခါပေးတယ်။ အခုမပေးနိုင်တဲ့အတွက် သူတို့က ဟိုကရှာစား၊ ဒီကရှာစား ရှာစားနေရတယ်” ဟုပြောသည်။

ယခုအချိန်တွင် ကိုဗစ်ကာလဖြစ်သောကြောင့် အလှူရှင်များအနေဖြင့်  ပံ့ပိုးကူညီပေးရန် မရောက်ရှိသည်မှာ လခွဲခန့်နီးပါးရှိနေပြီးဖြစ်သဖြင့် စခန်းရှိဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စခန်းရှိဒုက္ခသည်များမှာ ရွာအနီးအနားတွင် ရှိသော ဆွေမျိုးများဆီမှ ချေးငှားစားသောက်နေရပြီး တချို့ဆိုလျှင် ကဏန်းမြှုံးထောင်၊ ငါးဖမ်းစသောအလုပ်များလုပ်ကိုင်ကာ ရောင်းချစားသောက် နေရကြောင်း စခန်းတာဝန်ခံ ရဟန်းတော် ကိုယ်တော်နှင်းခါးက မိန့်ကြားသည်။

“ အခုက ကိုဗစ်-၁၉ ကြောင့်လည်း အလှူရှင်တွေက မရောက်နိုင်ဘူး။ ပြီးတော့ စစ်ပွဲတွေကလည်း ရက်တာ ရှည်လာတာတွေနဲ့ဆိုင်တယ်။ ပြီးတော့ လမ်းခရီးတွေမှာလည်း စစ်ဆေးတာတွေ ရှိတယ်။ မင်းပြားဘက်က လာလို့ရှိရင် ယောချောင်းတံတား၊ အမ်းဘက်ကလာလို့ရှိရင် ကဇူးကိုင်းတံတားရှိတယ်။ အဲဒီတံတားတွေမှာ စစ်ဆေးခံရတာတွေရှိတယ်။ ခရီးကလည်း ဝေးတဲ့အတွက် အလှူရှင်တွေအနေနဲ့ လာလှူဖို့ဆိုတာလည်း မလွယ်ဘူး”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “အဲဒီစခန်းက အစိုးရ ကူညီပံ့ပိုးမှုကိုလည်း မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း စေတနာရှင်တွေခေါ်ပြီး ကူညီထောက်ပံ့နေရတဲ့ သဘောသာရှိတယ်။ လွှတ်တော်မှာ ဒီစခန်းနှင့် ပတ်သက်ပြီး တင်ပြခဲ့တာတွေရှိတယ်။ အဆိုတင်တာကိုတောင်မှ လက်မခံဘူး။ ပြည်နယ်လွှတ်တော်မှာလည်း အဆိုတွေအတည်ပြုကြတယ်။ အစိုးရက အကောင်အထည် မဖော်ဘူး။ စေတနာရှင်တွေနဲ့ပါတီတွေကတော့ သူဟာနဲ့သူရှာဖွေပြီး ကူညီပေးနေတဲ့ အဆင့်လောက်သာရှိတယ်” ဟုပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များမှာ အင်ကြင်း၊ လီသွန်၊ စညှင်း၊ ဒလက်ချောင်းကျေးရွာတို့မှ ဖြစ်ကြပြီး လူဦးရေ ၄ဝဝ ကျော်အထိရှိကြောင်း သိရှိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...