မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ထားသည့် ပစ္စည်းများကို တပ်မတော်သားအချို့မှ ယူဆောင် သွားကြောင်း ဒေသခံများပြော

မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ထားသည့် ပစ္စည်းများကို တပ်မတော်သားအချို့မှ ယူဆောင် သွားကြောင်း ဒေသခံများပြော

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာ၌ နေအိမ်မီးရှို့ခံခဲ့ရသော ဒေသခံများအတွက် ထောက်ပံ့ထားသည့် ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို တပ်မတော်သားအချို့မှ ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အဆိုပါကျေးရွာအတွင်းသို့ အောက်တိုဘာ ၉ ရက်နေ့က ကျောက်တော်မြို့ဘက်မှလာသည့် တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ယူဆောင်သွားခြင်းဖြစ်ကြောင်း ကျေးရွာသား ဦးသာလှကပြောသည်။

“မီးရှို့မခံရတဲ့အိမ်တွေမှာ တပ်မတော်သားတွေ သွားနေကြတယ်။ မီးရှို့ခံရတဲ့သူတွေအတွက် လူကယ်ပြန်က ထောက်ပံ့ထားတဲ့ အသုံးဆောင်ပစ္စည်းတွေနဲ့ အခြားအလှူရှင်တွေလှူဒါန်းထားတဲ့ ရိက္ခာတွေကို အဲဒီမီးရှို့မခံရတဲ့ နေအိမ်တွေမှာ စုဆောင်းသိမ်းထားတာကိုယူသွားကြတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ထားသည့်အသုံးဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာတို့ကို ယူဆောင်သွားသည့်အပြင် မီးမလောင်ဘဲ ကျန်ရှိခဲ့သည့်နေအိမ်များမှ သေတ္တာတို့ကိုဖွင့်ကာ ပိုက်ဆံများကို ယူဆောင်သွားကြောင်းလည်း ဒေသခံများကပြောသည်။

“ကျမတို့အမေအိမ်က ပိုက်ဆံ ၃ သိန်းကျော်လည်းပါသွားတယ်။ အမေက ဗိုလ်ကြီးဆီကပြန်တောင်းတော့ ဒီနေ့ ပြန်ပေးမယ်လို့ပြောခဲ့ပေမဲ့ အခုချိန်ထိမရသေးဘူး” ဟု ကျေးရွာသူဒေါ်ဦးသိန်းရီက ပြောသည်။

လက်ရှိအချိန်၌ ကျေးရွာသူ၊သားများမှ ကျေးရွာအတွင်းမနေရဲ၍ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြပြီး လူကြီးပိုင်း ၂၀ ဦးခန့်မှာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေလျှက်ရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။

“ဒီလိုသာ တပ်မတော်သားတွေကျေးရွာအတွင်းကို မကြာခဏဝင်ရောက်နေကြမယ်ဆိုရင် မီးရှို့ခံထားရတဲ့ နေအိမ်တွေကို ပြန်ဆောက်လုပ်ပေးပေမယ့် နေရဲကြတော့မှာမဟုတ်ဘူး” ဟု ဒေါ်ဦးသိန်းရီကဆိုသည်။

တပ်မတော်သားများမှာ လက်ရှိအချိန်ထိ ကျေးရွာအတွင်းမှထွက်ခွာသွားခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ  ၎င်းအနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး အကြောင်းစုံမသိရှိရသေးကြောင်းပြောသည်။

ယခုကဲ့သို့ကျေးရွာအတွင်းသို့ တပ်မတော်သားအချို့မှဝင်ရောက်ကာ အသုံးဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာ တို့ကို ယူဆောင်သွားသည်ဟု ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာရှိနေအိမ်များအား စက်တင်ဘာ ၃ ရက် နေ့ ညနေပိုင်းအချိန်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်မီးရှို့၍ ယင်းကျေးရွာ ၂ ရွာမှ နေအိမ် ၁၈၀ ကျော် မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောဆိုကြသော်လည်း တပ်မတော်ကငြင်းဆိုခဲ့သည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်(၁၈၄)လုံးအား ပြန်လည်ဆောက်လုပ်ရန်အတွက် ငွေကျပ်(၃၀၅) သိန်းကျော်နှင့် အသုံးအဆောင်ပစ္စည်းများကို စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများကိုထောက်ပံ့ပေးခဲ့သည်။

ပုံစာ - ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာအတွင်း စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံခဲ့ရပြီး ပျက်စီးသွားသည့် မြင်ကွင်းအချို့အား တွေ့ရစဉ်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...