မင်းထွန်း — ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ အမြန်ဆုံးရပ်တန့် နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများချက်ချင်းတွေ့ဆုံဆွေးနွေးရန် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် ၎င်း၏မိတ်ဖက် မဟာမိတ်အဖွဲ့အစည်း ၉၈ ဖွဲ့ကတိုက်တွန်းလိုက်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် အထက်ပါအတိုင်း တောင်းဆို လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် ၁ လနီးပါး လိုတော့သလို COVID-19 ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူ လူထုများစွာ စစ်ဘေးတိမ်းရှောင်နေရသည့်အတွက် တိုက်ပွဲများရပ်တန့်နိုင်ရန် တိုက်တွန်းရခြင်းဖြစ်သည်ဟု (UNA) အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်ကဆိုသည်။
“ကျနော်တို့နိုင်ငံမှာ အခုဆိုရင်စစ်ဘေးရှောင်တွေလည်း အများကြီးဖြစ်လာတယ်၊ ရခိုင်မှာဆိုရင် နှစ်သိန်းကျော် လောက်ရှိတယ်။ တခြား ရှမ်းမြောက်မှာရှိတယ်၊ ကချင်မှာရှိတယ်၊ ကရင်မှာရှိတယ်။ ချင်းပြည်နယ်ပလက်ဝမှာ ရှိတယ်။ ဆိုတော့ ဒီလူတွေရဲ့ဘေးဒုက္ခ၊ ဒီလူတွေရဲ့နေထိုင်ရတဲ့ဒုက္ခ၊ ဒီဟာတွေမဖြစ်ဖို့အတွက်ကို တိုက်ပွဲတွေ ရပ်ပေးဖို့လိုတယ်။ စစ်ပွဲဆိုရင် ကျနော်တို့ကဘယ်စစ်ပွဲမှမလိုချင်ဘူး။ အဲတာကြောင့် အခုလိုတိုက်ပွဲတွေရပ်တန့်ဖို့အတွက် အားလုံးပါဝင်ပြီး တိုက်တွန်းတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် သိန်းချီရှိနေသည့် စစ်ဘေးရှောင်များနှင့် အခြားပြည်နယ်ဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူတို့၏ အခြေခံလူ့အခွင့်အရေးမဆုံးရှုံးရစေရန် အစိုးရအနေဖြင့် မဖြစ်မနေတာဝန်ယူ ဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်နှင့်တိုက်ပွဲများရပ်တန့်နိုင်ရန်အတွက် တပ်မတော်၊ အစိုးရနှင့် အေအေတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးဆောင်ကေ်ာမတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ဆိုသည်။
“ဒီလိုကိုဗစ်ဖြစ်နေတဲ့အချိန်မှာတောင် စစ်ရေးလှုပ်ရှားမှုတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ ရွာတွေမီးရှို့ခံရ တာတွေ၊ အပြစ်မဲ့ပြည်သူတွေ လက်နက်ကြီးထိပြီးသေတာတွေက ကိုဗစ်ကာလမှာရှိနေတဲ့အတွက် ဒါဟာ တကယ့်လူမဆန်တဲ့လုပ်ရပ်မျိုးတွေရှိတယ်လို့ သုံးသပ်ရတာပေါ့လေ။ ကျနော်တို့လူထုတွေက ဘယ်လောက်ပ ငြိမ်းချမ်းရေး စကားဝိုင်းပြောကြပါဆိုပေမယ့် ငြိမ်းချမ်းရေးစကားဝိုင်းကို မဖိတ်တာကလည်း အစိုးရရဲ့ အမှား တစ်ခုလို့ပဲမြင်တယ်” ဟု သူကပြောသည်။
ယင်းသို့ တိုက်ပွဲအကျိုးဆက်ကြောင့် ရခိုင်တွင် စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းကျော်အထိရှိလာ နေပြီး နေအိမ်များမီးလောင်ပျက်စီးမှု၊ လက်နက်ကြီးကျည်ထိမှန်မှုများကြောင့် ဒေသခံများ သေဆုံး၊ဒဏ်ရာ ရရှိမှုများသည်လည်း နေ့စဉ်ရက်ဆက်များလာနေသည်။
ဤကဲ့သို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်နိုင်ရန်အတွက် ပြည်နယ်အသီးသီးတွင်ရှိသည့် တိုင်းရင်းသားများကို အခွင့်အရေးနှင့် အာဏာခွဲဝေပေးရန်လိုအပ်ကြောင်း (UNA)အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်ကဆိုသည်။
“ဒီအာဏာကို ခွဲဝေပေးမှုမရှိဘူး၊ မမျှတဘူးဆိုသရွှေ့တော့ ဒီပြဿနာတွေဖြစ်မှာပဲ။ ဒီပြဿနာဖြစ်တိုင်း ကိုလည်း တပ်မတော်က နိုင်ငံရဲ့အချုပ်အခြာကို ကာကွယ်တယ်ဆိုတဲ့အနေနဲ့ ဒီလိုစစ်ပွဲတွေကို ဆင်နွဲမှာပဲ။ ဒီဟာကတော့ နိုင်ငံရဲ့အဓိကပြဿနာဖြစ်နေတယ်။ ဒါကိုပြောင်းလဲဖို့အတွက်တော့ အများကြီးကြိုးစားကြရ မှာပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့၌ မြန်နှုန်းမြင့် အင်တာနက်လိုင်းဖြတ်တောက်ထားမှုကို အမြန်ဆုံးပြန်ဖွင့်ပေးရန်စသည့် အချက်များကိုလည်း (UNA) က တိုက်တွန်းတောင်းဆိုထားသည်။
အလားတူ အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များတွင် တိုက်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သား ပြည်သူများသည် လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်း၊ မတရားဖမ်းဆီးခံစားနေရခြင်းများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းများ ဆက်လက်ဆုံးရှုံးနေရသည့်အတွက် အင်တာနက်ပြန်ဖွင့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။







