ကိုဗစ်ကြောင့် ရန်ကုန်တွင် နေထိုင်ရေးအခက်အခဲဖြစ်နေ၍ ရခိုင်ကိုပြန်လိုသူ ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်ကျော် စာရင်းပေးထား

ကိုဗစ်ကြောင့် ရန်ကုန်တွင် နေထိုင်ရေးအခက်အခဲဖြစ်နေ၍ ရခိုင်ကိုပြန်လိုသူ ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်ကျော် စာရင်းပေးထား

ခိုင်လူလှ — ရန်ကုန်တိုင်းဒေသကြီးတွင် လာရောက်အလုပ်လုပ်ကိုင်သူ ၂ဝဝဝ ကျော်ခန့် ရခိုင်သို့ ပြန်လိုကြောင်း စာရင်းပေးထားသော်လည်း ခရီးသည်တင် ဘတ်စ်ကားများ၏ အသွားအလာကို ကန့်သတ်ပိတ်ပင်ထားသဖြင့် နေရပ်သို့ မပြန်နိုင်ဘဲ အခက်အခဲများ ဖြစ်နေကြသည်ဟု ရခိုင် အလုပ်သမား အရေးကို စီစဉ် ဆောင်ရွက် ပေးနေသူ ကိုဗျာလက ပြောကြားသည်။

“ အခုလက်ရှိ ရခိုင်ကနေပြီးတော့ ရန်ကုန်မြို့မှာ လာအလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားခေါ်တာပေါ့။ ဝမ်းစာရှာနေတဲ့လူတွေ အခုအချိန်မှာ စက်ရုံအလုပ်ရုံ၊ ပန်းတိမ်အလုပ်၊ စက်ချုပ်အလုပ်၊ ပန်းရံအစုံပေါ့။ အလုပ်လာတဲ့ လူတွေက ခု ကိုဗစ်က ခြောက်လကနေ တစ်နှစ်ထိ ရောက်လာပြီဆိုတော့ သူတို့ရဲ့ စားဝတ်နေရေး၊ အလုပ်ပိတ်ထားတဲ့ အခါကျတော့ အိမ်ငှားစရိတ်၊ စားဝတ်နေရေး၊ အဆောင်ငှားစရိတ် အဲလိုမျိုး တအားကြီး ကျဉ်းကျပ်လာပါတယ်။ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ကျနော့်ဆီကို ဒီလုပ်ပေးနေတဲ့ ရခိုင်လူမျိုး အဖွဲ့အစည်းတွေဆီကို အကြောင်းကြားတယ်။ ကျွန်တော်တို့လည်း အဲဒါနဲ့ ဦးဇော်အေးမောင်ဆီကို ရခိုင်ကို ပြန်ခွင့်ရဖို့ အကြောင်းကြားပါတယ်။ အဲဒီအပေါ်မှာ လုပ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီမှာ အခက်အခဲက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာတဲ့ အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ကလေးတွေ၊ ဒီမှာ ရောက်နေတဲ့ မိန်းခလေးတွေ၊ ပန်းတိမ်လုပ်တဲ့ ကောင်လေးတွေ အထူး ဒုက္ခဖြစ်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရခိုင်သို့ ပြန်ရန် စာရင်းပေးထားသူမှာ ၂ဝဝဝ ကျော်ရှိကြောင်း၊ အလုပ်သမားများ ရခိုင်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့များမှ စုပေါင်းထားသော စာရင်းဖြစ်ကြောင်း၊ အဓိက စာရင်းပေးထားသူများမှာ ရွှေပြည်သာ၊ လှိုင်သာယာ၊ ယုဇနဥယျာဉ်မြို့တော်၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊  မင်္ဂလာဒုံ၊ သံလျင် နေရာစုံက ပါဝင်ကြောင်း ၎င်းကပြောသည်။

“ ကိုယ့်ဒေသကို အချိန်မှန် မပြန်နိုင်ဘူးဆိုရင် ဒုက္ခပေါင်းစုံ ရောက်တော့မယ်ထင်ပါတယ်။ စားဝတ်နေရေး အဆင်ပြေရင် သူတို့ ဘဝကို ရင်းရတဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။ အခုဆိုရင် ယောကျ်ားလေးတွေ ဖုန်းဆက်တာ တစ်နေ့ကို အလုံး တစ်ရာ နှစ်ရာကို ကိုင်ရတဲ့ အနေအထားကိုတောင် ရောက်လာပါတယ်။ ကိုဗစ်ကာလဆိုတော့ ကျန်းမာရေး စစ်ဆေးပြီးမှ သွားရ သွားရ၊ ဟိုရောက်ပြီး ကိုယ့်ဆီမှာ  Q ဝင်ပြီး နေရ နေရ သူတို့မြန်မြန်တော့ သွားလို့ရအောင် လုပ်ပေးပါလို့တော့ ပြောနေကြပါတယ်” ဟု ကိုဗျာလက ပြောကြားသည်။  

မြောက်ဒဂုံ ၃၂ ရပ်ကွက်တွင် နေထိုင်သူ ကျောက်ဖြူဒေသခံ မအေးမိုးစံက “ ကျွန်မတို့ကစက်ချုပ်တယ်။ တအားကြီး အခက်အခဲနဲ့ ကြုံနေရပါတယ်။ အခုစားဝတ်နေရေးက လုံးဝအဆင်မပြေဘူး။ ဆိုင်ဖွင့်တာကလည်း ၂ လလောက်ဘဲ ရှိသေးတယ်ဆိုတော့ ညီအစ်ကို မောင်နှမတွေလည်းရှိတယ်။ ကလေးတွေလည်း ပညာသင်ကြားနေတဲ့ အရွယ်ဆိုတော့ ဘာမှ လုပ်လို့ မရသေးဘူး။ လုံးဝ အဆင်မပြေ ဖြစ်နေပါတယ်။ အိမ်ငှားခလည်း မတတ်နိုင်ဘူး။ စားဝတ်နေရေးလည်း အဆင်မပြေ ဖြစ်နေတယ်။ မိဘအိမ်မှာ ဆိုရင် ဘယ်လိုဘဲ နေနေ၊ ဒါကြောင့် အိမ်ကို ပြန်ရဖို့ အမြန်လိုအပ်နေပါတယ်” ဟု ပြောကြားသည်။

လေးဝတီကုလ ရက္ခိတ အသင်းဗဟို၏ ဒုဥက္ကဋ္ဌက ဦးတင်လှိုင်က “ ရွှေ့ပြောင်း လုပ်သားတွေဆိုတော့လေ အရင်ဆုံးက နေဖို့ထိုင်ဖို့ အရမ်းဆိုးတာပေါ့နော်။ နဂိုကတည်းက စုမိဆောင်းမိတာကလည်း နည်းတော့ အိမ်ငှားဘဝနဲ့ နေကြတော့ ပထမ တစ်ကြိမ်ဖြစ်လိုက်တော့ အဲဒီမှာ စုဆောင်းထားတာလည်း ကုန်သွားပြီ။ ခု Second Way ဒုတိယ အကြိမ်မှာကျတော့ ခံနိုင်ရည် မရှိတော့ဘူးခင်ဗျား။ အခုဆိုရင် ကျနော်သိရသလောက် ကျနော့်ကို လာပြောတာက အိမ်လခက သုံးလေးလတောင် အကြွေးဖြစ်နေတော့ အိမ်ရှင်တွေက နှင်ချမယ့် ပုံစံ အဆင့်ထိ ဖြစ်နေတယ်။ စားဖို့ သောက်ဖို့ အခက်အခဲတွေကလည်း တော်တော်ရှိနေတယ်ခင်ဗျား။ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ ရခိုင်က အလုပ်သမားက အရေအတွက်က ခုနှစ်သောင်း ဝန်းကျင်လောက်ရှိပါတယ် ခင်ဗျား။ အဲဒီအထဲမှာ ဘယ်လောက်လောက်ပြန်မယ်လို့ ကျနော်တို့ အဖွဲ့ရယ်၊ ရွှေပြည်သာနဲ့ သာကေတ အဖွဲ့ဆိုရင် ပြန်မယ့်သူ နှစ်ထောင်ကျော်ကျော်လောက် စာရင်း ရထားပါတယ် ခင်ဗျား” ဟု ပြောဆိုသည်။

၎င်းပြင်သူက နိုင်ငံတော် အစိုးရ၊ ရခိုင်ပြည်နယ် အစိုးရနှင့်ဒေသခံရခိုင်မိဘများအားလည်း ရန်ကုန်ရောက် အလုပ်သမားများ နေရပ်ပြန်နိုင်ရန် ကူညီပေးစေလိုသည်ဟု ပြောကြားသည်။

“ ရှေ့မှာက အဲဒီ အပေါ် နိုင်ငံတော်အဆင့်တောင်မှ ကိုယ်ဌာနေကို ပြန်ရင် လက်ခံရတာဘဲ မဟုတ်လား။ အဲဒီတော့ ဒေသခံတွေ ကိုယ့်ဌာနေကို ပြန်မယ်ဆိုရင်တော့ ဟိုဘက်က မိဘတွေ ဖြစ်တဲ့သူတွေက လက်ခံ စေချင်ပါတယ်။ ဒါကကျနော် အနူးအညွှတ်တောင်းဆိုချင်ပါတယ်။ အစိုးရကိုလည်း ပိတ်ထားတဲ့ လမ်းကို ဖွင့်ပေးဖို့ တောင်းဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒီမှာ ဖြစ်နေတဲ့ ဒီကေ့စ် ပြဿနာကို ဖြေရှင်းဖို့ကျတော့ အစိုးရ အနေနဲ့ သုံးရက် ဖြစ်ဖြစ် ငါးရက်ဖြစ်ဖြစ် အဲဒီလောက်တော့ လမ်းကြောင်း လေးတစ်ခု ဖွင့်ပေးစေချင်တယ် ခင်ဗျား။ သိရသလောက် ဒီမှာ အများစုက  နေရာစရာနေရာမရှိ ဖြစ်နေပြီ။ စားဖို့ကိုတော့ သိပ်မတွက်ဘူး ပေါ့နော်။ အဲဒီလို ထက် ပြဿနာတိုးလာရင် ဆယ်ယောက် တစ်စု၊ ဆယ့်ငါးယောက် တစ်စု လမ်းလျှောက် ပြန်မယ်ပေါ့။ လမ်းလျှောက်လို့ အဖမ်းရရင်တောင်မှ သူတို့ ဘဝ လုံခြုံမယ်လို့ ပြောပါတယ်။ အတွေးတွေ ဒီလို ဖြစ်နေတာကို တွေ့နေရပါတယ်” ဟု လေးဝတီကုလ ရက္ခိတ အသင်းဗဟို၏ ဒုဥက္ကဋ္ဌက ဦးတင်လှိုင်က ပြောသည်။

၎င်းအလုပ်သမားများနေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေး၍ ဖုန်းရရှိပါက သူတို့နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ထပ်မံ တင်ပြပေးပါမည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...