ကျောက်မဲတွင် ၇ ရက်မြောက် တိုက်ပွဲများ ဆက်ဖြစ်

ကျောက်မဲတွင် ၇ ရက်မြောက် တိုက်ပွဲများ ဆက်ဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ RCSS/SSA တို့ကြား ၇ ရက်ဆက်တိုက် စုစုပေါင်း အကြိမ်ရေ ၂၀ ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ်အတွင်းတွင် တပ်မတော်နှင့် RCSS/SSA တို့ အကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားလာခဲ့ရာမှ ရပ်တန့်သွားခြင်းမရှိပဲ ပြင်းထန်စွာ ဆက်လက်ဖြစ် ပွားနေသည်မှာ အောက်တိုဘာလ ၈ ရက်နေ့ ယနေ့အထိပင်ဖြစ်သည်ဟု RCSS/SSA ကပြောသည်။

အောက်တိုဘာ ၉ ရက်နေ့ တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ RCSS/ SSA ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး အုပ်ခေးက “ဒီနေ့လည်း ပြင်းထန်နေတာပဲနော်။ ဒီနေ့က လွိုင်ပန်ကျန်အုပ်စုတို့ ပူးခါးကျေး ရွာအုပ်စုတို့ သုံးလေး နေရာ လောက်ဖြစ်တယ်နော။ ဒါပေမယ့် မနေ့ကလို လေယာဉ်ပျံတော့ မပါဘူးလေနော်။ တိုက်ပွဲ က ကြိုကြားကြိုကြားနဲ့ တိုက်ပွဲနည်းနည်းနဲ့ ကြီးတာနဲ့ဒီ လဆန်း ပိုင်း တစ်ပတ်အတွင်းကိုတော့ တိုက်ပွဲ ပေါင်း ၂၀ ကျော်ပြီထင်တယ်။ ခန့်မှန်းပေါ့လေ” ဟု ပြောသည်။

စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် နမ့်ခုံးပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကလည်း အောက်တိုဘာလ ၈ ရက်နေ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ ပုံဝိုးမှာက တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ အခုလာတဲ့ အချိန် နားစောင်းမှာဖြစ်တယ်။ အခုလောလော ဆယ်တော့ ၂ နေရာပေါ့ မနက်တုန်းက နမ့်မော်ဖီလူးမှာ တစ်ခါဖြစ်တယ်။ ဒီနေ့ကတော့ ၃ ခါပေါ့နော ၃ ခါ သေနတ်သံကြားတယ်ပေါ့။ ဒါပေမယ့် ရွာသားတွေ အမြင်ပြောတာကတော့ တစ်ဖက်သတ်ပစ်တာ များတာ ပေါ့နော။ကျန်တဲ့ တစ်ဖက်ကတော့ သိပ်ပစ်တာ မတွေ့ရဘူးပေါ့။ မကြားရဘူးပေါ့။ တစ်ချက် နှစ်ချက် အဲ လောက်ပဲကြားရတယ်တဲ့။”

လက်ရှိတွင် တပ်မတော်မှ တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းသို့ တပ်အင်အား ထပ်မံဖြည့်တင်း နေသည့် အတွက်တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အနေအထားကို တွေ့နေရသည်ဟု အဆိုပါ နမ့်ခုံးပရဟိတအသင်း တာဝန်ရှိသူက ဆက်ပြောသည်။

“စစ်ကြောင်းကတော့ တောက်လျှောက်ထိုးတက်နေတယ်။ ထိုးတက်နေတော့ စစ်ပွဲက ကျနော်ထင်တယ် မငြိမ်းနိုင်လောက်သေးဘူး။ အခုထိ ကျနော်တို့ ဒီလမ်းတစ် လျှောက်မှာ စစ်သားတွေက တောက်လျှောက် တွေ့နေရတယ်။ အကုန်လုံး လမ်းကြောင်းတွေ ထိုးတက် နေကြတယ်။ စစ်ရေးတကယ်တင်းမာတဲ့ အချိန်မှာ ပေါက်ကွဲရင်တော့ တော်တော်လေးတော့ ပြည်သူတွေ ဒုက္ခတွေ တော်တော်ရောက်မယ်လို့ ကျနော်မြင် တယ်။”

တပ်မတော်၏ တပ်အင်အား ထပ်မံဖြည့်တင်းသည့် အခြေအနေနှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီး အုပ်ခေးက “စစ်ရေး ဆက်လက်တင်းမာနေဆဲပဲ တပ်မတော်ဖက်က လည်း အဖက်ဖက်ကနေပြီးတော့ စစ်ကူတွေ ထပ် ပို့နေတယ်နော်။ ကျောက်မဲဖက်ဂွင်ကို ထပ်ပို့နေတယ်။ သီပေါဖက်က ဆင်းလာတာရော လားရှိုးကနေ ဆင်း သွားတာရော အောက်ဖက်ကဆင်းလာတာရော မူဆယ်ဖက်က ဆင်းလာတာရော ကွတ်ခိုင်ဖက်က ဆင်း လာတာရော သတင်းကြားသိရတယ်နော်” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တပ်မတော်နှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်အတွင်းတွင် စစ်ရေးတင်းမာနေသည့် ကျေးရွာအုပ်စု ၁၀ စုခန့်ရှိနေပြီး အဆိုပါကျေးရွာအုပ်စုများမှာ ပန်ကျန်၊ နောင်စင်၊ နောင်မိုး၊ ဟဲကွီ၊ နမ့်ခေါ်၊ ပြောင်ခေါင်း၊ ခန့်ခဲ၊ ကောင်းဟူး၊ လွယ်စောင်၊ ပူးခါး၊ ဝမ်နန်း၊ကုံးသို အစရှိသည့်ကျေးရွာအုပ်စုများ ဖြစ်ပြီး ကျေးရွာအုပ်စုတစ်ခုစီလျှင် ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိသည်ဟု RCSS/SSA က ပြောသည်။

စစ်ရေးတင်းမာမှုများကို လျော့ချရန်အတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် လက်ရှိအချိန်အထိ တပ်မ တော်ဖက်မှ ဆက်သွယ်ပြောဆို လာမှုများ မရှိသကဲ့သို့ RCSS/SSA ဖက်မှလည်း တွေ့ဆုံဆွေးနွေးမည့် အရိပ်အယောင် မတွေ့ရသေးသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေနိုင်သည်ဟု ဆိုသည်။

သို့သော် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများရှိ နေသော်လည်း တွေ့ဆုံဆွေးနွေးမည့် လမ်းကြောင်းရှိလာမည်ဆိုပါက RCSS/SSA အနေဖြင့် ၎င်းတို့၏ မူအရ NCA လမ်းကြောင်း အတိုင်းလုပ်ဆောင် သွားမည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောသည်။

“တပ်မတော်ဖက် ကိုယ်တိုင်ကိုက NCA ကို အလေးမထား ဝင်တိုက်တဲ့ ပုံစံပြနေတယ်ပေါ့လေနော်။ အဲဒါ ယုံကြည်မှု တော်တော်ထိ ခိုက်တယ်။ ဒါပေမယ့် RCSS ဖက်ကတော့ ဘယ်လိုပဲ ဖြစ်နေနေ NCA လမ်း ကြောင်းအတိုင်းပဲ တသွေမတိမ်း လိုက်နာပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်။ အကယ်လို့ အဆင် ပြေလို့ အဆက်အသွယ်ရလို့ တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားမယ်ဆိုရင်တော့ RCSS ဖက်ကတော့ အမြဲ တမ်း တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ ပေါ်လစီတော့ အမြဲတမ်းဆုပ်ကိုင်ထားတယ်နော်။”

ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းကြားတွင် စစ်ရေးတင်းမာမှု ရှည်ကြာလာနိုင်ပြီး နောက်ဆုံးတွင် မြို့ပေါ်အထိ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေး က ပြောသည်။

ထို့အပြင် တပ်မတော်က မီဒီယာများကို ဖြေကြားထားသည့် RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်း တွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် NCA စာချုပ်ကို ဆန့်ကျင်နေသည့်အပြင်တပ်မတော်နှင့် RCSS တို့အကြား တရားဝင်နယ်မြေအတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု ဒု-ဗိုလ်မှူး ကြီး အုပ်ခေးက ပြောသည်။

တပ်နေရာ ချထားရေးနှင့် နယ်မြေသတ်မှတ်ထားရှိခြင်းကို NCA အခန်း ၃ အရ လုံခြုံရေး ကဏ္ဍတွင် ဆွေး နွေးသွားရမည်ဖြစ်ပြီး ထိုသို့ဆွေးနွေးမည်နောက်ပိုင်းမှသာ တပ်နေရာချထားရေးနှင့် နယ်မြေ သတ်မှတ်ရေး ကို လုပ်ဆောင်သွားနိုင်မည်ဟု RCSS/SSA က ဆိုသည်။

RCSS/SSA သည် အခြား တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

လက်ရှိတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား  စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မတော်၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆို ပါဒေသအတွင် တပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် အခြား လက် နက်ကိုင် အဖွဲ့အ စည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...