ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရက လစဉ်ထောက်ပံ့သည့်ဆန် မရောက်ရှိ၍ အခက်ကြုံနေရ

ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရက လစဉ်ထောက်ပံ့သည့်ဆန် မရောက်ရှိ၍ အခက်ကြုံနေရ

မျိုးသီရိကျော် - ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် အစိုးရထံမှ လစဉ်ထောက်ပံ့နေသည့် ဆန်ရိက္ခာများမရောက်ရှိသဖြင့် အခက်ကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့(ICRC)မှ ထောက်ပံ့ဆန်များ ရောက်ရှိသော်လည်း အစိုးရမှ လစဉ်ထောက်ပံ့နေသည့် ဆန်ရိက္ခာများ မရောက်ရှိသေးကြောင်း တိန်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်ဦးရေများပြားသဖြင့် ICRC နှင့် အစိုးရထံမှ ထောက်ပံ့ဆန်နှစ်ခုပေါင်းမှသာ တစ်လစာအတွက် လုံလောက်မှုရှိသည်ဟု စခန်းတာဝန်ခံ ဦးဝေလှအောင်ကပြောသည်။

“ထောက်ပံ့ဆန် ရောက်နေကျအချိန်ထက် တစ်ပတ်ကျော်သွားပါပြီ။ အရင်တုန်းကဆိုရင် ကျေးရွာအတွင်းက ချေးငှားလို့ စားလို့ရသေးတယ်။ အခုလမှာတော့ ကိုဗစ်နဲ့စီးပွားရေးတွေလည်း အဆင်မပြေတဲ့အတွက် ကျေးရွာ ကလည်း ချေးငှားလို့မရတော့ဘူး။ ကျနော်တို့မှာ တစ်ပတ်စာလောက်ပဲရှိတော့တယ်” ဟု ၎င်းကဆိုသည်။

အလားတူ စစ်ဘေးဒုက္ခသည်နှစ်ထောင်ကျော်ရှိသည့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်း တွင်လည်း အစိုးရထံမှ ထောက်ပံ့ဆန်မရောက်ရှိသေးကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာတော့ ဖြစ်သလိုစားသောက်နေကြပါတယ်။ မိသားစုများတဲ့သူတွေမှာဆိုရင် ချေးငှားပြီး စားနေကြတယ်။ ဟိုလက ထောက်ပံ့ထားတဲ့ဆန်က ကုန်သွားပြီ။ အစိုးရကပေးထားတဲ့ ပိုက်ဆံ လေးသောင်းကုန်သွားရင်တော့ သူတို့မှာ စားစရာမရှိတော့ပါဘူး။ လက်ရှိ ကျနော်တို့စခန်းမှာ ဆန်တစ်အိတ်မှ မရှိ တော့ဘူး။ ဆန်ကတော့ အရေးပေါ်လိုအပ်နေပါတယ်” ဟု စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ရှင်းပြသည်။

ယင်းသို့ အစိုးရထောက်ပံ့သည့်ဆန်များ ပုံမှန်ရောက်ရှိချိန်တွင် ရောက်မလာသည့်ကိစ္စအား အစိုးရထံသို့ အကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ အကြောင်းမပြန်သေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူ များထံမှ သိရသည်။

မင်းပြားမြို့နယ်မှ စစ်ဘေးဒုက္ခသည် ငါးရာကျော်ရှိသည့် အမ်းသားရွာစစ်ဘေးရှောင်စခန်းတွင်မူ အစိုးရထံမှ ထောက်ပံ့ဆန်မရရှိသည်မှာ ၂ လကျော်ကြာမျှ ကြာမြင့်နေပြီဖြစ်သည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း အကူအညီပေးနေသူ ကိုအမ်းသားကြီးက ပြောသည်။

“ဒီကာလမှာ အလှူရှင်တွေလည်း သိပ်မရှိတော့ ပိုပြီးတော့ အခက်အခဲဖြစ်နေတယ်။ ရှေ့လအတွက်ဆိုရင် ဘာတစ်ခုမှ မရှိတော့ပါဘူး။ ဆန်၊ဆီ၊ဆား၊ တခြားမိန်းမသုံးပစ္စည်းတွေအပါအဝင် အကုန်လုံးပါပဲ။ အလှူရှင်တွေအနေနဲ့လည်း အမြန်ဆုံးကူညီပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း စစ်ဘေးရှောင်ဦးရေ ထပ်တိုး လာသည့်အတွက် အစားအသောက်အပြင် နေရာထိုင်ခင်းနှင့် အိမ်သာများပါ လိုအပ်မှုရှိနေကြောင်း ယင်းစခန်း တာဝန်ရှိသူထံမှ သိရသည်။

“ဒီကာလမှာ အစိုးရဆီက မထောက်ပံ့ရင် ဘယ်သူတွေထောက်ပံ့ပေးတော့မလဲ။ ကျေးရွာတွေ မြို့တွေကိုလည်း lockdown ချထားတယ်၊ သူတို့ကိုယ်တိုင်လည်း လာမပေး။ အခြားအလှူရှင်တွေကိုလည်း ဝင်ခွင့်မပေးကြဘူး။ ကိုဗစ်ကာလဖြစ်တဲ့အတွက် အထက်ကတာဝန်ရှိသူတွေက တာဝန်ယူဖို့လိုအပ်ပါတယ်” ဟု စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က စစ်ဘေးရှောင်များကို အစိုးရအဖွဲ့မှ လစဉ်ထောက်ပံ့ထားပြီး မြေပြင်သို့သွားရောက်ထောက်ပံ့နေသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနတွင် မည်သို့သောအခက်အခဲများရှိ၍ မရောက်နိုင်သည်ကို မသိရှိသေးကြောင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ကာ စစ်ဘေးဒုက္ခသည်ဦးရေ ၂ သိန်းကျော်အထိ ရှိလာနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...