ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် Howa Bum တောင်ပေါ် မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များကြား စက်တင်ဘာ ၂၄ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှ ၂၅ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများဆိုသည်။

တပ်မ (၈၈) စစ်ကြောင်းများ KIA တပ်ရင်း (၃၆) စခန်းရှိရာ Howa Bum တောင်ပေါ်ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်သောကြောင့် ည ၈ နာရီချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများ ပြောသည်။

“မွန်းလွဲပိုင်း ၄နာရီ မိနစ် ၂၀ ခန့် ကနေ KIA တပ်ရင်း (၃၆) စခန်း Howa Bum တောင်မှာ အခုထပ်မံ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ တပ်မ (၈၈) ဖက်က သွား တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်တာပါ။ အခုချိန်ထိ လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ကြာသပတေးနေ့ည ၈နာရီခန့်မှာ ပြောသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ ဧရိယာအတွင်း တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) စစ်ကြောင်းများ “နယ်မြေရှင်းလင်းရေး” စစ်ဆင်နေသောကြောင့် ယခုလ စက်တင်ဘာ (၁၀)မှ ပြန်လည် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများ ဆိုသည်။

၎င်း တိုက်ပွဲပြန်စခဲ့သည့်နေ့တွင် လူဦးရေ ၃၀၀ ခန့်ရှိ Man Kawng (မန်ကောင်း)ရွာသား အားလုံးသည် နီးစပ်ရာ Man Pying (မန်ပိန်း) ရွာသို့ စစ်ရှောင် ခိုလှုံနေရသည်ဟု Man Kawng ရွာလူကြီးက အစောပိုင်းက ကချင်သတင်းဌာန KNG ကို ပြောသည်။

တပ်မတော်၏တစ်ဖက်သတ် ထိုးစစ် ရပ်ထားမှုကို စက်တင်ဘာ (၃၀) ထိ ရက်တိုး ထားသော်လည်း တပ်မ (၈၈)၊ တပ်မ (၉၉) နှင့် တပ်မ (၂၂) တပ်ဖွဲ့များက “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးလှုပ်ရှားမှု” ကို ရှမ်းပြည်မြောက်ပိုင်း အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ KIA၊ ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA စခန်းများရှိရာ မူဆယ်ခရိုင်အတွင်း ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...