ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ထွက်ပြေးလာသည့် မြေပုံဒေသခံတစ်ထောင်ကျော် စားဝတ်နေရေး အခက်အခဲရှိနေ

ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ထွက်ပြေးလာသည့် မြေပုံဒေသခံတစ်ထောင်ကျော် စားဝတ်နေရေး အခက်အခဲရှိနေ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကမ်းထောင်းကြီးမြို့ပေါ်သို့ ထွက်ပြေးလာကြသည့် ဒေသခံတစ်ထောင်ကျော်မှာ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

၎င်းတို့ စားသောက်ရေးအတွက် လှည့်လည်ပြီး အလှူကောက်ခံရာတွင်လည်း ကိုဗစ်ကာလဖြစ်သောကြောင့် တခြားကျေးရွာများသို့ ဝင်ခွင့်မရခြင်းများနှင့် ကြုံတွေ့ရသည့်အတွက် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ကမ်းထောင်းကြီးမြို့ ရက္ခဒါနဖောင်ဒေးရှင်းအဖွဲ့မှ ကိုအောင်ဝင်းမြင့်ကပြောသည်။

“ကျနော်တို့က အလှူခံနေကျရွာကိုလည်း သွားလို့မရတော့ဘူး။ ဝင်ခွင့်မပြုကြတော့ဘူး။ ကျနော်တို့လည်း အလှူခံလို့ မရတော့ဘူးဆိုတော့ ဒီထက်ပိုဆိုးလာနိုင်တယ်။ ဒါကြောင့်မို့လို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေ များများလှူဖို့ လိုအပ်နေပါတယ်”ဟု ကိုအောင်ဝင်းမြင့်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၈)ရက်နေ့က ညောင်ကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် (၄)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့သည်။ ကျေးရွာသားများမှာလည်း အဆိုပါ ဖြစ်စဉ်ကြောင့် ကြောက်လန့်ပြီး နီးစပ်ရာဆွေမျိုးအိမ်နှင့် ကမ်းထောင်းကြီးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

လက်ရှိ စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များအတွက် ဖြစ်သလိုကျွေးမွေးနေရပြီး ရေရှည်အတွက် စိုးရိမ်စရာရှိနေကြောင်း ကမ်းထောင်းကြီးမြို့မှ ဦးရန်နိုင်ဖြိုးက ပြောသည်။

“စစ်ဘေးရှောင်စခန်းက လူတွေကိုတော့ အဲဒီစစ်ရှောင်စခန်းမှာ ရှိတဲ့ဟာနဲ့ပဲ ဖြစ်သလိုကျွေးမွေးထားတယ်။ ဆွေမျိုး အိမ်မှာရှိတဲ့သူတွေကို ဆွေမျိုးအိမ်က ကျွေးမွေးထားတယ်။ ဒီအတိုင်း ဖြစ်သလို စားသောက်နေကြပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အကြောက်တရားတွေလွန်ပြီး သူတို့မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပျက်စီးသွားနိုင်တယ်”ဟု ဦးရန်နိုင်ဖြိုးဆိုသည်။

ကိုဗစ်ကာလအတွင်း မိမိနေအိမ်၌နေထိုင်ရန် stay home သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ သေကြေခြင်းများ ရှိသည့်အပေါ် ရှုတ်ချကြောင်းလည်း ဦးရန်နိုင်ဖြိုးက ဆက်ပြောသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပြင် အဝတ်အထည်၊ နေရာ ထိုင်ခင်းများလည်း လိုအပ်နေကြောင်း ညောင်ကန်ကျေးရွာမှ စစ်ဘေးရှောင်လာသူ မခင်မြင့်က ပြောသည်။

“ကြောက်လန့်ပြီး ပြေးလာတာဆိုတော့ ဘာမှပါမလာဘူး။ ဒါကြောင့် ကျမတို့ကို အဝတ်အထည်တွေလည်း ကူညီပေးစေချင်တယ်။အခုလိုမျိုး တိုက်ပွဲဖြစ်ရင်လည်း သူတို့ အချင်းအချင်းဖြစ်ကြပါ။ ရွာထဲကိုကျလာတာတော့ မဖြစ်စေချင်ဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာပြီး စစ်ဘေးရှောင်ဦးရေမှာလည်း ၂ သိန်းကျော်အထိ ရှိလာနေပြီဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...