AA အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင်နှင့် ရက်ပေါင်း ၁၀ ကျော် ကြာသည့်တိုင် မိသားစုမှ တွေ့ခွင့်မရသေး

AA အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင်နှင့် ရက်ပေါင်း ၁၀ ကျော် ကြာသည့်တိုင် မိသားစုမှ တွေ့ခွင့်မရသေး

အောင်ထိန် — AA အတွက် ရိက္ခာသိုလောင်ထားသည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးအား တပ်မတော်ကဖမ်းဆီးသွားပြီးနောက် ရက်ပေါင်း ၁၀ ကျော်ကြာသည်တိုင် မိသားစုမှတွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း(၄၈)နှစ်၏ ဆန်စက်ရုံအတွင်း ဆန်အိတ်များတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် တပ်မတော်က သြဂုတ်လ ၃၁ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ယင်းနောက် ဦးရဲကျော်ထွန်းအား တပ်မတော်က တစ်ရက်ကျော်ကြာ စစ်ဆေးမေးမြန်ပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

စစ်တွေမြို့အမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်းခံထားရစဉ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ဆေးမေးမြန်းစရာ ကျန်ရှိသေးသည်ဟုဆိုကာ တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းသို့ ဦးရဲကျော်ထွန်း၏ သတင်းအချက်အလက်များကို ကြားသိနေရသော်လည်း ဖမ်းဆီးခံရသည့်နေ့မှ ယနေ့အချိန်ထိ လူချင်းတွေ့ခွင့်မရရှိသေးကြောင်း သမီးဖြစ်သူ မစုလှိုင်ဦးက ပြောသည်။

“ကျွန်မ ဖေဖေနဲ့တွေ့ခွင့်ရချင်တယ်။ တွေ့ခွင့်မရတောင်မှ ဖုန်းနဲ့ပဲဖြစ်ဖြစ်စကားပြောချင်တယ်။ ကျန်းမာရေးတွေတော့ ကောင်းတယ်လို့သိရတယ်။ အတတ်နိုင်ဆုံးတော့ ဖေဖေနဲ့တွေ့ချင်တယ်။ စကားပြောချင်တယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဦးရဲကျော်ထွန်း၏နေအိမ်၌ အေအေအဖွဲ့ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ အားသိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး မိသားစုဝင်များက ယင်းကိစ္စမှာ စွပ်စွဲချက်သာဖြစ်ကြောင်း ငြင်းဆိုထားသည်။

လက်ရှိမှာ ဦးရဲကျော်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)ဖြင့် အမှုဖွင့်လှစ်ထားကာ လာမည့် စက်တက်ဘာလ ၁၇ ရက်နေ့တွင် ရုံးထုတ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့်လာနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...