COVID- 19 ကပ်ရောဂါ ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာနေပြီး လူအသေအပျောက် ပိုမိုများပြား လာသည့် အတွက် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီ အချို့က ပြောသည်။
လက်ရှိ အစိုးရဖြစ်နေသည့် NLD အပြင် ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ကြမည့် တိုင်းရင်းသား နိုင်ငံရေး ပါတီ အားလုံးနှင့် ညှိနှိုင်းပြီး အဖြေရှာသင့်သည်ဟု ကချင်တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ ပါတီ KSPP ဒု-ဥက္ကဋ္ဌ-၂ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။
“အကုန်လုံးညှိညှိနှိုင်းနှိုင်းနဲ့ပဲ ရွေးကောက်ပွဲကို လုပ်မလား မလုပ်ဘူးလား။ ကျန်းမာရေး အခြေအနေ ဘယ်လို ဖြစ်သလဲ ဆိုတဲ့အပိုင်းကိုတော့ ကျနော်တော့ ဒါကိုတော့ ပြောချင်ပါတယ်။ တကယ်လို့များ ကျန်းမာရေး ရှု့ ထောင်ကနေပဲ ကြည့်ကြည့် ဒီ COVID- 19 ရောဂါ အခြေအနေ ဆိုးဝါးပြီးမှ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လည်း လူတွေကတော့ ရောဂါကူးတာများလာမယ် အသေအပျောက်တွေလည်း များလာမယ်။ ဒါမျိုးတော့ ဖြစ်တယ်။ ဒါကြောင့်လည်း အကုန်လုံးနဲ့ အစိုးရနဲ့ရော အတိုက်အခံပါတီတွေနဲ့ NLD ပါတီတွေရော ကျန်တဲ့ ပါတီတွေရော အကုန်လုံးညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ပြီးမှ ဆွေးနွေး သင့်တယ်ဆိုတဲ့ဟာမျိုးတော့ ကျနော် ပြောလိုပါ တယ်။”
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလထဲကို ပြောင်းရွှေ့ပေးရန် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်ဟု ပါတီခေါင်းဆောင်များ က ပြောသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး ကလည်း “ဒီရောဂါနဲ့ ရွေးကောက်ပွဲနဲ့ အသက် သေရမယ့်ဟာနဲ့ ဟိုဖက်က ရာထူး အာဏာရမယ့်ဟာနဲ့ ဘယ်ဟာအရေးကြီးသလဲ စဉ်းစား ဆုံးဖြတ် လိုက်တဲ့ အခါမှာ ရောဂါဘယက ပိုအရေးကြီးတယ်။ အသက်သေရမယ့်ဟာက ပိုပြီးတော့ အရေးကြီးတယ်။ ဟို ဖက် အာဏာက မရရင်လည်း ကိစ္စ မရှိဘူး။ အဲလိုအနေအထားမျိုး ရှိတဲ့အတွက် မလိုအပ် ဘူးဆိုလို့ရှိရင် ရွှေ့ သင့်ရင် လည်း ရွှေ့ဖို့ဖန်တီးလာတယ်ဆိုလို့ရှိရင်လည်း ရွေ့သင့်တယ်လို့ တစ်ဖက်က စဉ်းစားချက်တွေ ဖြစ်လာ တာပေါ့လေ။ ပိုပြီးတော့ ပြင်းပြင်းထန် ထန်ဖြစ်လာရင် အတီးတို့ဆီမှာလည်း အများကြီး ရောဂါတွေ ကူးစက် လာတယ် ဆိုရင်တော့ ခုနက ရွေ့ လိုက်တာကတော့ ကောင်းမယ်လို့ပြောလိုတယ်” ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိအခြေအနေအထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ မရှိကြောင်းနှင့် ရွှေ့ဆိုင်းခဲ့မည်ဆိုပါကလည်း အောက်တိုဘာလတွင် ကြေညာမည်ဟု မကြာသေးခင်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုထားသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေး မှူးချုပ် စိုင်းလိတ်က “ပြည်သူလူထု တစ်ရပ်လုံးအတွက် အကျိုးရှိမှာမို့လို့ ပိုပြီးတော့ လုံခြုံစိတ်ချရမှာမို့လို့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမယ်ဆိုရင်လည်း ကျနော်တို့ ဖက်ကတော့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။ တကယ်လို့ အဲလိုမဟုတ်ဘူး ရွေးကောက် ပွဲက အင်မတန်အရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက် နေ့မှာပဲ လုပ်သွားမယ်ဆိုရင်လည်းပဲ ကျနော်တို့က ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် လူထုရဲ့ ကျန်းမာရေးက မဲပေးတဲ့ ကိစ္စထက်ကို ရွေးကောက်ပွဲ ကိစ္စထက်ကို ပိုပြီး အရေးကြီးတယ်ဆိုတာကိုတော့ ကျနော်တို့ လုံး၀ လက်သင့်ခံထားပါတယ်ခင်ဗျာ” ဟု ပြော သည်။
“ကျနော်တို့ ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ လွတ်လပ်စွာ တန်းတူ ရည်တူ ယှဉ်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက် ပွဲ တစ်ရပ်ဖြစ် စေချင်တာပေါ့နော် အဲလိုမျိုး ဖြစ်ဖို့ဆိုလို့ရှိရင် လူထု ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲ အပေါ် မှာ စိတ်ပါဝင်စားစွာနဲ့ မဲလာပေးဖို့လို အပ်ပါတယ်။ အဲလိုစိတ် ပါဝင်စားလာနိုင်အောင် ဆိုတာကလည်း လူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လူထုရဲ့ ကျန်းမာရေး အာမခံနိုင်မှုက အပြည့်အ၀ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘူး ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပတာမျိုးထက်ကို လူထုကျန်းမာရေး အတွက်ကို ပိုပြီးတော့မှ အာရုံစိုက် လုပ်ဆောင်ပေးသင့်တယ်ဆိုတာမျိုးပဲ ဖြည့်ပြောချင်ပါတယ်။”
အခြေအနေဆိုးရွားလာပါက ရွှေ့သင့်ကြောင်း၊ သို့သော်လည်း ၂၀၀၈ ဥပဒေအရ ရွေးကောက်ပွဲကို ရွှေ့ဆိုင်း မည်ဆိုပါက မည်ကဲ့သို့ ရွှေ့ရမည်ဆိုသည့် အချက်ကို ပြန်ကြည့်ရန်လိုအပ်သည်ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KysDP အတွင်းရေးမှူး ဦးသဲရယ် က ပြောသည်။
“ဒီထက်ဆိုးလာမယ်ဆိုလို့ရှိရင်တော့ရွေ့သင့်တာပေါ့နော။ ဒါပေမယ့် ရွေ့သင့်တယ်ဆိုတဲ့ နေရာမှာကလည်း ဘယ်လောက်အထိ ရွေ့မလဲပေါ့။ နောက်တစ်ခုကရှိတယ် ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထား ချက် ကိုလည်း ကျနော်တို့ တစ်ချက်ပြန်ကြည့်ရမှာဖြစ်တယ်။ ဘာလို့လဲ ဆိုလို့ရှိရင် ကျနော်တို့က တစ်လ နှစ်လ အဲ လိုရွှေ့ရင်တော့ ပြဿနာ မရှိဘူးပေါ့။ နှစ်နှင့်ချီပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲ ရွှေ့လိုက်မယ် ဆိုလို့ရှိရင် ဒီကြားထဲမှာ ကျနော်တို့ အရေးအပေါ်အတွက် ဆိုပြီးတော့မှ ကျနော်တို့ ဥပဒေတစ်ရပ် ပြဌာန်းဖို့လည်း လိုတာ ပေါ့။ ဘာလို့လဲဆိုရင် ၂၀၀၈ အခြေခံဥပဒေအရက တစ်ကယ်လို့ သတ်မှတ်တဲ့ အချိန်မှာ ၅ နှစ်ပြည့်တာနဲ့ကို အစိုးရ တစ်ရပ် အစားမထိုးနိုင်ဘူးဆိုလို့ရှိရင်တော့ တပ်မတော်ကနေပြီးတော့ အော်တိုသူဝင်ပြီးတော့မှ အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာ မျိုးတွေလည်း ကျနော်တို့ စိုးရိမ်စရာ တစ်ခုဖြစ်တာပေါ့လေ။”
ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါက နိုင်ငံအတွက် မလိုလားအပ်သည့် ပြဿနာများ၊ အကျိုးဆက်များ ဖြစ်လာနိုင်သည့်အတက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း လိုက်နာပြီး ရွေးကောက်ပွဲကို ကျင်းပသင့်သည်ဟု မွန်ညီညွတ်ရေးပါတီ MUP တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) နိုင်လရီ တမ က ပြောသည်။
“ကျနော်တို့ သဘောထားကတော့ ဒီကိုဗစ်ရောဂါ အနေအထားက နှစ်နဲ့ချီပြီးသွားမယ့် အနေအထား ရှိတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းမယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံအတွက် မလိုလားအပ်တဲ့ နိုင်ငံရေးအကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အပေါ်မှာ ကျနော်တို့က စိုးရိမ်မှု ရှိတယ်။ အဲကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကတော့ ပုံမှန်အတိုင်းကျင်းပပေးရမယ်လို့ ကျနော်တို့ အဲလိုမြင်ပါတယ်။ အဲ တော့ဘယ်လိုပဲဖြစ်စေ ဒီကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းကို လိုက်နိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စောင့်ကြည့်ကြည့်ကြပ်ပြီးတော့ ရွေးကောက်ပွဲကိုတော့ ပုံမှန်ကျင်းပမယ့်နေ့ ကြေ ညာထားတဲ့ နေ့အတိုင်းကို ကျင်းပဖို့သင့်တယ်လို့ ကျနော်တို့က အဲလိုပဲမြင်ပါတယ်။”
လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်နှင့်ရခိုင်တို့တွင် နေအိမ်များတွင်နေထိုင် ကြရန် (Stay at Home) ထုတ်ပြန်ထားပြီး မလိုအပ်ပါက ခရီးမသွားကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားသည်။
အဆိုပါအချက်များအပါအဝင် COVID-19 ကပ်ဘေးကာလအတွင်း မဲဆွယ်စည်းရုံးရာလူ ၅၀ နှင့်အထက် မစုဝေးရဆိုသည့်အချက်များကြောင့် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်နေကြသည်။







