မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် ထွက်ပြေးနေရ

မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား ယခုနောက်ဆုံး ဖြစ်ပွားသောတိုက်ပွဲကြောင့် စက်တင်ဘာ (၁၁) သောကြာနေ့က မန်ကောင်း (Man Kawng)ရွာသားများ အားလုံး နီးစပ်ရာကျေးရွာသို့ ထွက်ပြေးနေရကြောင်း ရွာလူကြီးက ဆိုပါသည်။

တိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ရွာထဲ ကျရောက် ထိမှန်မည်ကို စိုးရိမ်ရသောကြောင့် အိမ်ချေ (၄၇) နှင့် လူဦးရေ စုစုပေါင်း ၃၀၀ ခန့်ရှိ မန်ကောင်း (Man Kawng)ရွာသားများ အားလုံး အနီးရှိ မန်ပင်း (Man Pying) ကျေးရွာသို့ တိုက်ပွဲ မဖြစ်ခင် ထွက်ပြေးရခြင်းဖြစ်သည်။

“သောကြာနေ့ မနက်ပိုင်းကတည်းက ထွက်ပြေးကြပါတယ်၊ အများစု မန်ပင်း (Man Pying) ခရစ်ယာန်အသင်းတော်ဘုရားကျောင်းမှာ စစ်ရှောင်နေကြတယ်၊ လူဦးရေ ၂၀၀ ကျော် ရှိလိမ့်မယ်။ တချို့ကတော့် ဆွေမျိုးနေအိမ်တွေမှာ ခိုလှုံနေကြပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ လူမှုအကျိုးဆောင် စေသနာ့ဝန်ထမ်းတစ်ဦး သောကြာနေ့ ညက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆)နယ်မြေ Kai Dwi Kawng တောင်ကုန်းကို မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ဟု ယူဆရသော ပူးပေါင်းစစ်ကြောင်းများ သုံးနေရာကနေ စစ်ဆင်လှုပ်ရှားလာသောကြောင့် သောကြာနေ့ မွန်းလွဲ ၂နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်ပြည်နယ် လိုင်ဇာဗဟိုဌာနချုပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး Nhpang Naw Bu ပြောပါသည်။

တပ်မတော်စစ်ကြောင်းများသည် Man Kawng ရွာအနီး Kai Dwi Kawng တောင်ကုန်းမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကိုးကန့် MNDAA နှင့် ရခိုင် AA တပ်ဖွဲ့များနှင့် ပထမဆုံး အချိန် ၂နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး ၎င်းနေရာအနီး Ting Sa Kawng ကုန်းအနားမှာ KIA တပ်ရင်း (၃၆)နှင့်လည်း မိနစ် ၂၀ခန့် ထပ်မံ တိုက်ပွဲဖြစ်ပွားကြောင်း ဆိုပါသည်။

“သူတို့ (တပ်မတော်)ပြောတဲ့အတိုင်း သွေးတိုးစမ်း ပစ်ခတ်မှုဖြစ်ချင်တော့ နယ်မြေရှင်းလင်းရေး လုပ်ရတယ်လို့ ဆိုနေကြဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ချင်လို့ ရန်စ သွေးတိုးစမ်းတာ ဖြစ်မှာပေါ့။ တပ်မ (၈၈) စစ်ကြောင်းလှုပ်ရှားမှု ဆက်လုပ်နေပါတယ်။ အဲတာကြောင့် အခုတိုက်ပွဲ မတိုင်ခင် KIA တပ်ရင်း (၉) နယ်မြေ မူဆယ် ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်တာနဲ့ ရွေးကောက်ပွဲလည်း နီးလာလို့ တပ်မတော်က စစ်ကြောင်းလှုပ်ရှာမှု ပြန်လုပ်လာတာ ဖြစ်မယ်လို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီး Naw Bu ဆိုပါတသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသောနယ်မြေကနေ တပ်မတော်စစ်ကြောင်းများ စနေနေ့ထိ ဆုတ်ခွာခြင်း မရှိဘဲ နောက်ထပ်စစ်ကူများ တက်လာမည့် သတင်းများထွက်လာသောကြောင့် Man Kawng ရွာသားများ နေရပ် မပြန်နိုင်ဘဲ စစ်ရှောင်နေရလျှင် စစ်ရှောင် ရွာသား ၂၀၀ ကျော်အတွက် အရေးပေါ် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်လာမည်ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ Man Kawng ရွာလူကြီး တစ်ဦး စနေနေ့ နံနက်ပိုင်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...