ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသုံးဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသုံးဦး ဖမ်းဆီးခံရ

အောင်ထိန် — ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦး စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးခံလိုက်ရသည်။

ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရခိုင်ပြည်ကျောင်းသား သမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနှင့် စစ်တွေကွန်ပျူတာတက္ကသိုလ်မှ ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်တို့ဖြစ်ကြသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ၊ ဥပဒေမဲ့ သတ်ဖြတ်ခံနေရသည်များကို မလိုလားသည့် အတွက် ယခုကဲ့သို့ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေးကပြောသည်။

“လက်ရှိမှာ ကျွန်တော်တို့ကျောင်းသားတွေလည်းခံစားနေကြရတယ်။ ပြည်သူတွေလည်းခံစားနေရတယ်။ ဥပဒေမဲ့သတ်ဖြတ်ခြင်းခံနေရတယ်ပေါ့နော်။ ဥပဒေမဲ့ လက်နက်ကြီးတွေကျပြီးသေဆုံးတာတွေရှိတယ်။ ဒါတွေကို နိုင်ငံတာကာက သက်ဆိုင်ရာအဖွဲ့အစည်းတွေ ထိထိရောက်ရောက်ကိုင်တွယ်ပေးဖို့အတွက် တောင်းဆိုတာ” ဟု ကိုကျော်နိုင်ဌေးက ဆိုသည်။

၎င်းတို့သုံးဦးသည် “4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No bloody Government ၊ No Murder Government ၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ” စသည့် အချက် ၅ ချက်ကို ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ နှစ်တာရှည်လျက်ရှိနေပြီး လက်ရှိအချိန်ထိ ရပ်တန့်မည်သူ မရှိသေးကြောင်း၊ အစိုးရအနေဖြင့် အမှန်တကယ်စစ်ပွဲကို ရပ်တန့်ချင်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေ ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်ကဆိုသည်။

“ပြည်သူက တင်မြှောက်ထားတဲ့အစိုးရက တိုင်းရင်းသားပြည်သူတွေ အားထားရတဲ့အစိုးရတစ်ရပ်ဖြစ်တယ်။ အဲဒီအစိုးရက တိုင်းရင်းသားအရေးတွေမှာ တစ်ဖက်ကိုမျက်နှာသာပေးပြီး တစ်ဖက်ကိုကျ အကြမ်းဖက်လို့ ကြေငြာပြီး တိုက်ခိုက်နေတာ မညှာတာလို့ပေါ့။ လက်ရှိ အဲဒီအကျိုးဆက်ဘာတွေခံစားနေရလဲဆိုတာ ကြည့်တော့ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်တာရှည်သွားပြီ။ ဒါပေမယ့် ရပ်တန့်နိုင်တဲ့သူမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ကျောင်းသားသုံးဦး ဆန္ဒဖော်ထုတ်နေချိန်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်များကလာရောက်ပြီး ၎င်းတို့သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ လက်ရှိတွင် အဆိုပါကျောင်းသားသုံးဦးအား စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးခံထားရသည့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာလ ၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ယင်းအပြင် အစိုးရနှင့် အစိုးရစစ်တပ်အနေဖြင့် ရခိုင်ဒေသရှိပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ် နေမှုများ ဆက်လက်မပြုလုပ်ရန်အတွက်လည်း ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ယနေ့ဆန္ဒပြတောင်းဆိုခဲ့သည့် အချက် ၅ ချက်ကို မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့်မြို့များမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ယင်းမြို့နယ်များရှိ လမ်းမီးတိုင်များနှင့် လူစည်ကားသည့် နေရာများတွင် စာရွက်များဖြင့်ကပ်ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် သီပေါ့မြို့များတွင်လည်း ကျောင်းသားသမဂ္ဂများမှ Poster Campign များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...