ကျောက်တော်မှ နေအိမ်မီးလောင်သွားသူများအပါအဝင် စစ်ဘေးရှောင်တိမ်းနေရသူ နှစ်သောင်းခန့် စားဝတ် နေရေး အရေးပေါ်လိုအပ်နေ

ကျောက်တော်မှ နေအိမ်မီးလောင်သွားသူများအပါအဝင် စစ်ဘေးရှောင်တိမ်းနေရသူ နှစ်သောင်းခန့် စားဝတ် နေရေး အရေးပေါ်လိုအပ်နေ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်ရှိ ကျေးရွာပေါင်း ၁၀ ကျော်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များတွင် စားဝတ်နေရေး အရေးပေါ်လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အတွင်း ကျောက်တော်မြို့နယ် အလယ်ကျွန်း၊ ကျောက်ဂူစု၊ ရွှေပြည်၊ ရွှေပြည်သစ်၊ သာစည်၊ မျောက်တောင်၊ ပုဏ္ဏားရွာ၊ အခဇာ၊ ဘုရားပေါင်း၊ တောင်ပေါက်၊ လမုတပင် စသည့်ကျေးရွာများမှ လူဦးရေနှစ်သောင်းခန့်မှာ ဒေသမတည်ငြိမ်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

၎င်းတို့မှာ လက်ရှိတွင် ကျောက်တော်မြို့နှင့် သရက်တပင်၊ မဟာမြတ်မုနိ၊ မင်းသားတောင်၊ ပေါက်တော၊ စပါးဆိပ်၊ သာယာကုန်း၊ စည်းမောင်း စသည့်ကျေးရွာအသီးသီးတွင် ရောက်ရှိခိုလှုံနေကြပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြသည်။

စစ်ဘေးရှောင်ဦးရေ (၅၂၀)ခန့် ရောက်ရှိနေသည့် စပါးဆိပ်ကျေးရွာတွင် ၎င်းတို့အတွက် ကျေးရွာမှ နိုင်သလောက် စားနပ်ရိက္ခာများဖြင့် အကူအညီပေးထားပြီး ရက်တာရှည်လာလျှင် အခက်အခဲရှိလာနိုင်သည့် အတွက် အစိုးရထံမှ အကူအညီကို မျှော်လင့်နေသည်။

စပါးဆိပ်ကျေးရွာမှ ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ရဲထွန်းက “ဆွေမျိုးရှိတဲ့သူတွေက ဆွေမျိုးအိမ်မှာ ထားတယ်။ ဆွေမျိုးမရှိတဲ့သူတွေကတော့ ဖြစ်သလိုပေါ့ဗျာ။ ရွာက ထောက်ပံ့ထားတာနဲ့စားသောက်နေရတယ်။ အစိုးရဆီကလည်း ဒီလိုမျိုးဖြစ်ရပ်ကို ကြည့်မနေဘဲ ကူညီပေးစေချင်ပါတယ် ”ဟုဆိုသည်။

ယင်း စစ်ဘေးရှောင် (၅၂၀)ဦးတွင် ရွှေပြည်၊ ရွှေပြည်သစ်၊ ကျောက်ဂူစု၊ အလယ်ကျွန်းနှင့် သာစည်ကျေးရွာများမှ ပါဝင်ကြောင်း သိရသည်။

ထို့အတူ ကျောက်တော်မြို့နယ် ရွှေလှိုင်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ (၅၀၀)ကျော်၊ သဝင်ကိုင်းဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် (၃၂၀)ဦးနှင့် ကျောက်တန်းဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် (၁၈၀)ဦးတို့အတွက် နေရာထိုင်ခင်း၊ အဝတ်အစားနှင့် အိမ်သာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုခိုင်မင်းသျှင်ကပြောသည်။

“တကယ်လို့ အလှူရှင်တွေလည်း ဒီအတိုင်းသာ မရောက်လာဘူးဆိုရင် လုံးဝအကျပ်အတည်း ဖြစ်သွားနိုင်တယ်။ ရွာကလူတွေလည်း နေ့တိုင်းလိုလို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလေ။ ကိုဗစ်ကာလမှာ ဒီလိုမျိုး ထွက်ပြေး ရတာတို့၊ ရွာကိုမီးရှို့ခံရတာတို့ကိစ္စရပ်တွေကိုလည်း ကျနော်တို့အနေနဲ လုံးဝရှုတ်ချပါတယ် ” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညည့် ၉ နာရီခွဲအချိန်တွင် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာ နှစ်ရွာမှ နေအိမ်များမီးရှို့ခံရသည့်အတွက် ကုလားတန်မြစ် တစ်ဘက်ကမ်းရှိ ရွှေလှိှုင်၊ ကျောက်တန်းနှင့် သဝင်ကိုင်း ဘုန်းတော်ကြီးကျောင်းများသို့အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ကျေးရွာသားများ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

ယင်းအပြင် မဟာမြတ်မုနိဘုရားဓမ္မာရုံတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၃၀၀)ကျော် အတွက်လည်း လာရောက်ကူညီခြင်းများ မရှိသည့်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်းသိရသည်။

စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ကိုဝင်းက “လက်ရှိမှာ ကိုဗစ်နိုင်တင်းကာလဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေလည်း တစ်ယောက်မှ မရောက်ကြဘူး ”ဟု ပြောသည်။

ယင်းဓမ္မာရုံတွင် ရောက်ရှိနေသည့် မိန်းကလေးများအနေဖြင့်လည်း လူဦးရေ ပြွတ်သိပ်စွာနေထိုင်ရသည့်အတွက် အဝတ်လဲရေချိုးရာတွင် အခက်အခဲများဖြစ်သည်ဟု အလယ်ကျွန်းကျေးရွာမှ ထွက်ပြေးလာသည့် မခိုင်ဝင်းရွှေကပြောသည်။

“အဲဒီအထဲမှာ မိန်းခလေးတွေအတွက်တော့ အကုန်လုံး လိုအပ်ပါတယ်။ မိန်းခလေးသုံး ပစ္စည်းတွေကအစ ပေါ့နော်။ တစ်ယောက်တစ်လေဆိုရင် အင်္ကျီတစ်ထည်၊ နှစ်ထည်လောက်ပဲ ပါလာတယ်။ အဝတ်အစားတွေလည်း လိုအပ်ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါလာတဲ့အတွက် သူတို့ဆိုရင် ကျန်းမာရေးပစ္စည်းတွေလည်း လိုတာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များနှင့်ပတ်သက်ပြီး ၎င်းတို့မ ှတောင်းဆိုလာသည့် လိုအပ်ချက် အပေါ်မူတည်ပြီး လုပ်ဆောင်ပေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။

“သူတို့ရဲ့လိုအပ်ချက် တင်ပြတောင်းဆိုလာတာကို လုပ်ပေးရမယ်လေ။ သူတို့ရဲ့ တင်ပြမှုအပေါ်မှာလည်း မူတည် ပါတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂ သိန်းခန့်အထိ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

လက်ရှိရခိုင်ပြည်နယ်တွင် covid-19 ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိနေပြီး ကိုဗစ်ကာလတွင် အကူအညီများ ပေးနိုင်ရန်အတွက် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ခိုက်မှုများကို ရပ်စဲထားကြရန် ကုလသမဂ္ဂမှ စက်တင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်းထားသည်။

သို့သော်လည်း လက်ရှိအချိန်အထိ စစ်ရေးပဋိပက္ခများ ရပ်တန့်သွားခြင်း မရှိသေးသည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...