လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦး ဒဏ်ရာရ

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦး ဒဏ်ရာရ

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအတွင်းသို့ သြဂုတ် ၃ ရက် နံနက် ၉ နာရီ ကျော်အချိန်က လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးငယ်နှစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ဒဏ်ရာရရှိခဲ့သည့်အမျိုးသမီးငယ်နှစ်ဦးမှာ အလယ်ကျွန်းကျေးရွာမှ မကဗျာနွယ် ၁၆ နှစ်နှင့် မဇာနွယ် ၁၄ နှစ်တို့ ဖြစ်ကြသည်။

မကဗျာနွယ်တွင် ဘယ်ဖက်မျက်ခုံး၌ ကျည်စထိမှန်ဒဏ်ရာ၊ မဇာနွယ်တွင် ကျောကုန်း၌ ကျည်စထိမှန် ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု မကဗျာနွယ်၏မိခင် ဒေါ်မခင်အေးက DMG သို့ ပြောသည်။

“ဖြစ်တာကတော့ ကျွန်မတို့ရွာရဲ့မြောက်ဘက် ၂ မိုင်အကွာလောက်မှာရှိတဲ့ ရွှေပြည်ကျေးရွာဘက်က တပ်မတော်ကလက်နက်ကြီးတွေပစ်တယ်။ လက်နက်ကြီးပစ်သံကြားတော့ ကျွန်မတို့ စပါးကျီအောက်ကို ဝင်ပြေးတယ်။ အဲဒီတော့ လက်နက်ကြီးကျည်က ကျွန်မတို့အိမ်ရှေ့ကအုန်းပင်မှာလာကျပြီးတော့ ကျည်စတွေ ထိသွားတာ”ဟု ၎င်းကရှင်းပြသည်။

လက်ရှိမှာ ဒဏ်ရာရရှိသူများကို ကျောက်တော်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်နေကြောင်း ကျောက်တော် မြို့နယ် ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဦးညီပုက ယနေ့ညနေ ၄ နာရီကျော်ကပြောသည်။

“ကျွန်တော်တို့ အခုကျောက်တော်ဆေးရုံကို သွားနေပါတယ်။ ကျောက်တော်ကိုတော့ မရောက်သေးဘူး။ လမ်းမှာပါ” ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသို့လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အလယ်ကျွန်းကျေးရွာမှ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိသွားခြင်းမှာ မှန်ကန်ပြီး အသေးစိတ်ကိုမသိရသေးကြောင်းပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ ညနေ ၆ နာရီအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

စက်တင်ဘာလ ၂ ရက်ကလည်း ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် တစ်ညတည်းတွင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်း တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သား ၉ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...