ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုမြင့်မားနေသော်လည်း စစ်ရေးပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေဆဲ

ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုမြင့်မားနေသော်လည်း စစ်ရေးပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေဆဲ

ရခိုင်ပြည်နယ်တွင် ကူးစက်ပျံ့နှံ့မှုမြန်သည့် COVID-19 ပိုးတွေ့လူနာမှာ စက်တင်ဘာလ ၃ ရက်နေ့အထိ ၄၉၀ ဦးအထိရှိနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါပိုးတွေ့ရှိသူအများဆုံးပြည်နယ်ဖြစ်လာသော်လည်း လက်ရှိ အချိန်ထိ စစ်ရေးပဋိပက္ခများရပ်တန့်ခြင်းမရှိသေးဘဲ အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ တိုးလျက် ရှိနေသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာ ရရှိသူ ၃၀ ဦးအထိ ရှိခဲ့သည်။

ထိုသို့ အရပ်သားများ ထိခိုက်သေဆုံးခဲ့သည့်ဖြစ်ရပ်များသည် လူ့အဖွ့ဲအစည်းအတွက် စိတ်ပူစရာ၊ စိတ်မကောင်း စရာဖြစ်စေကြောင်း ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းကပြောသည်။

“ပြည်သူတွေကို အမှန်တကယ်မျက်နှာမူတယ်၊ ပြည်သူကိုစေတနာထားတယ်၊ ပြည်သူ့အတွက် အလုပ်လုပ်တယ်၊ ပြည်သူကို ကိုယ်စားပြုတဲ့ အင်စတီကျူးရှင်းမှန်သမျှဟာ ဒီအချိန်မှာ ပြည်သူမျက်နှာကိုငှဲ့ပြီးတော့ အတ္တမာန တွေကိုလျော့ပေးဖို့ လိုအပ်တယ်လို့မြင်တယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်မှ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင် ရေးနှင့် ငြိမ်းချမ်းရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပစ်ခတ်တိုက်မှုကို တိုးမြှင့်ရပ်စဲ ထားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော် AA နှင့်တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ချန်လှပ်ခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့မှလည်း ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်ဒုတိယ လှိုင်းအား ထိန်းချုပ်တားဆီးနိုင်ရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အထောက်အကူပြုစေရန် အတွက် စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ တစ်ဖက်သက်အပစ်ရဲစဲကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ကိုဗစ်ကူးစက်မှုများနေသည့် ယခုအချိန်တွင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကိုမပြုလုပ်ရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၂၁ ရက်နေ့တွင်ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒီအချိန်ကာလမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ ချောင်းမြောင်းတိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေ အဲဒါ တွေကိုဆက်လုပ်ရင်တော့ လူမဆန်တဲ့လုပ်ရပ်ဖြစ်လိမ်မယ့်မေ။ လူမဆန်တဲ့လုပ်ရပ်တွေကို မလုပ်ပါနဲ့။ အဲဒါကို အလေးအနက်ပြောချင်တယ်။ သတိလည်းပေးပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ပြည်သူလူထုက ထိခိုက်နစ်နာနေရကြောင်း စစ်ဘေးရှောင်များကိုကူညီဆောင်ရွက်ပေးနေသည့် ကိုဘက္ကာက ပြောသည်။

“အမြဲတမ်းလက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့မြို့နယ်ဘက်မှာဆိုရင်လည်း ရွာကိုလက်နက်ကြီး ကျပြီး ဒဏ်ရာရသွားတာတွေရှိတယ်။ အခု ရခိုင်ပြည်နယ်အခြေအနေက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြ ရတယ်” ဟု ကိုဘက္ကာကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့် လာနေပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ (၂)သိန်းခန့်အထိရှိလာနေပြီး စစ်ဘေးရှောင်များမှာ အခက်အခဲများစွာရှိနေကာ လက်ရှိ covid-19 ရောဂါ ကူးစက်မှုကိုပါ စိုးရိမ်နေကြရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...