ကိုဗစ်ကာလ အစိုးရ၏ထောက်ပံ့ငွေမရရှိသည့် လက်လုပ်လက်စားများ ရှိနေ

ကိုဗစ်ကာလ အစိုးရ၏ထောက်ပံ့ငွေမရရှိသည့် လက်လုပ်လက်စားများ ရှိနေ

ခင်သရဖီဦး — ရခိုင်ပြည်နယ်တွင် Covid 19 ရောဂါကူးစက်မှုကြောင့် Stay at home ကာလသတ်မှတ်ထားချိန်တွင် စစ်တွေမြို့ပေါ်မှ စားဝတ်နေရေး အခက်အခဲရှိသူများအတွက် ပြည်နယ်အစိုးရမှ ထောက်ပံ့သည့်ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများနှင့် လက်လုပ်လက်စားအချို့ မရရှိဘဲကျန်ရှိနေခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် အခြားနေရာများမှာ ပြောင်းရွှေ့နေထိုင်လာသူများမှာ အိမ်ထောင်စုစာရင်း မရှိသည့် မိသားစုများနှင့် အိမ်ထောင်စုစာရင်းရှိသော်လည်း ယင်းရပ်ကွက်မှ အိမ်ထောင်စုစာရင်းမဟုတ်သဖြင့် ယခုထောက်ပံ့ငွေအား မရရှိကြကြောင်း ဆိုကြသည်။

ရွာသာယာ၊ အကွက်(၁၃)တွင်နေထိုင်သည့် ဒေါ်စိုးစိုးက “ကျမတို့က အိမ်ထောင်စုစာရင်းမရှိလို့ မရတာပါ။ စာရင်းကောက်လာတဲ့အခါကျတော့ အိမ်ထောင်စုစာရင်းရှိရင် အိမ်ထောင်စုစာရင်းလာသွင်း၊ မရှိရင် မှတ်ပုံတင်နဲ့ လာသွင်းလို့အော်တယ်။ ဒါပေမယ့် ပိုက်ဆံပေးဖို့လာတဲ့အခါကျတော့ အိမ်ထောင်စုစာရင်းရှိတဲ့လူမှ ရမယ်လို့ ပြောပါတယ် ” ဟု ဆိုသည်။

အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုသုံးသောင်းခန့်အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်း စီဖြင့် ငွေကျပ်သိန်းပေါင်းခြောက်သောင်းခန့်ကို သြဂုတ်လ ၂၅ ရက်နေ့မှစ၍ ထောက်ပံ့နေခြင်းဖြစ်သည်။

သို့သော် ထောက်ပံ့ငွေရရှိသူများမှာ ငွေကျပ်နှစ်သောင်း အပြည့်အဝမရရှိကြကြောင်း စက်ရုံစုရပ်ကွက်(၆)တွင် နေထိုင်သည့် ကိုကောင်းမြတ်စံက ဆိုသည်။

“ထောက်ပံ့ငွေက ရထားပေမဲ့ အစိုးရထုတ်ပြန်ထားတာက တစ်အိမ်ထောင်က ငွေ(၂၀၀၀၀)ကျပ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ရပ်ကွက်ကပေးလာတဲ့အခါကျတော့ (၁၄၀၀၀)၊  (၁၅၀၀၀) ပေးလာကြတယ်။ အချိုးလိုက်ပေးတယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ပေးအပ်ခြင်းမှာ ကိုဗစ်ကာလတွင် အားလုံးအခက်အခဲဖြစ်ကြသည့်အတွက် ပုံမှန်ဝင်ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိမ်တန်းစေ့ကိုချပေးလိုက်သည့်အတွက် ယခုကဲ့သို့ငွေအပြည့် မပေးနိုင်ခြင်းဖြစ်ကြောင်း စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇေယျသန်းလင်းကပြောသည်။

“ကိုဗစ်ဖြစ်နေတဲ့အတွက် အကုန်လုံးလိုချင်ကြတယ်။ အစိုးရဝန်ထမ်းလည်းလိုချင်တယ်။ ဆင်းရဲသူ ဆင်းရဲသား လည်းလိုချင်တယ်။ အဲဒါကြောင့် စက်ရုံစုရပ်ကွက်အကုန်လုံးကအိမ်တွေကို အိမ်တန်းစေ့ချပေးလိုက်တဲ့အတွက် ငွေကတော့ အပြည့်မချပေးနိုင်လိုက်တာပါ ” ဟု ၎င်းကရှင်းပြသည်။

ယင်းအပြင် စက်ရုံစုရပ်ကွက်တွင် ကျူးကျော်နေထိုင်သူများလည်း ရှိနေသည့်အတွက် တခြားရပ်ကွက်မှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စုစာရင်းနှင့် လူများကိုပေးရန် အဆင်မပြေခြင်းဖြစ်ကြောင်း တတိယအဖြတ် ငွေပေးရာတွင် အိမ်အတည်တကျရှိသူများကိုသာ ပေးသွားမည်ဟု ဦးဇေယျသန်းလင်းက ဆက်ပြောသည်။

“တခုရှိတာက ဆင်းကူးလမ်းက အိမ်ထောင်စုနဲ့ ကျနော်တို့ဆီမှာပြောင်းနေလို့ ထုတ်သွားရင်လည်း ပြဿနာ ရှိလာနိုင်ပါတယ်။ တခြား ဆင်ကူးလမ်းက အိမ်ထောင်စုစာရင်းနဲ့လူတွေ ရွာသာယာထဲကိုဝင်လာပြီးတော့ ထုတ်ရင် ပြဿနာတက်လာနိုင်ပါတယ်။ အဲဒါကြောင့် မပေးဘဲပြန်လွှတ်လိုက်တာတွေ ရှိပါတယ်။ အခုအဖြတ်မှာတော့ အိမ်ခေါင်ပေါ် (အိမ်ပိုင်ယာပိုင်ရှိသူ) တွေကို ကျနော်တို့ လိုက်ပေးသွားပါမယ်” ဟု ၎င်းကဆိုသည်။

စက်ရုံစုရပ်ကွက်တွင် ရွာသာယာအကွက် (၁၃)၊ မီးလောင်ကွင်းနှင့် မာရမာကြီးကမ့် စသည်တို့ပါဝင်ပြီး ခန့်မှန်းခြေ အိမ်ထောင်စု ၄၀၀၀ ကျော်ရှိသည်ဟု သိရသည်။

လက်ရှိမှာ ကိုဗစ်ကာလ အစိုးရထောက်ပံ့ငွေ လုံးဝမရရှိခြင်းနှင့် ထောက်ပံ့ငွေအပြည့်အဝ မရရှိခြင်းတို့နှင့် ပတ်သက်ပြီး ရပ်ကွက်နေပြည်သူအချို့က မကျေနပ်၍ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ တဆင့် ပြည်နယ်ဝန်ကြီးချုပ်ထံ သြဂုတ်လ ၃၁ ရက်နေ့က တိုင်ကြားထားကြောင်းလည်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...