လားရှိုးမြို့နယ်တွင် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ၂၀၀ကျော် တိမ်းရှောင်နေရ

လားရှိုးမြို့နယ်တွင် လူသစ်စုဆောင်းမှုကြောင့် ဒေသခံ၂၀၀ကျော် တိမ်းရှောင်နေရ

စိုင်းဆိုင်လှိုင်း — လားရှိုးမြို့နယ် နောင့်ဖော့ကျေးရွာ အုပ်စုအတွင်း လူသစ်စုဆောင်းမှု သတင်းကြောင့် ဒေသခံ၂၀၀ ကျော်သည် လားရှိုးမြို့ သီရိမင်္ဂလာ မန်းဆူ ရှမ်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁ရက် ၌ လားရှိုးမြို့နယ်အတွင်းရှိ နောင့်ဖော့ကျေးရွာအုပ်စု ပန်ခန်ကျေးရွာနှင့် နမ့်မောစော့ ကျေးရွာဒေသခံ စုစုပေါင်း (၂၁၈) ဦး တို့သည် လက်နက်ကိုင် အဖွဲ့တဖွဲ့မှ လူသစ် စုဆောင်းမည်ဆိုသည့် သတင်းကြောင့် လားရှိုးမြို့ပေါ်မန်ဆူ ရှမ်းဘုန်းကြီးကျောင်း သို့ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။

“ရှောင်လာတဲ့ ကျေးရွာတွေမှာတော့ တိုက်ပွဲဖြစ်တယ်လို့တော့ မကြားရဘူး။ တိုက်ပွဲဖြစ်တာကြားရတာကတော့ နဲနဲချောင် ကျတဲ့နေရာမှာဘဲ ကြားရတယ်။ မိုက်ယော်၊ မိုင်ဆက်တို့ဖက်ဘဲကြားရတယ်”ဟု လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုလူသစ်စုဆောင်မှုသတင်းကို ပြည်သူများက တိုက်ရိုက်လာရောက်တိုင်ကြားခြင်းမရှိသေးသည့်အတွက် အတည်ပြုမရကြောင်း၊ တချို့ ပြည်သူများက ကြောက်လှန့်ပြီး ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

အဆိုပါတိမ်းရှောင်လာသည့် ပြည်သူများကို အမြန်ဆုံးတွေ့ဆုံးပြီး၊ ထို တိမ်းရှောင်လာသူများ၏ လိုအပ်ချက်များကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားနေကြောင်း စိုင်းဝမ်းလျန်းခမ်း က ထပ်လောင်းပြောသည်။

အဆိုပါ လူသစ်စုဆောင်းမှုကို မည်သည့် လက်နက်ကိုင် အဖွဲ့က လုပ်ဆောင်နေသည့် ကို ထွက်ပြေးလာသည့်သူများက ထုတ်ဖော်မပြောရဲပေ။

“ ဘယ်အဖွဲ့ က လူသစ်စုဆောင်းနေတယ်ဆိုတာ ပြောလို့မရဘူး” ဟု လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ထွက်ပြေးလာသူများကို ကူညီပေးနေသည့် အမျိုးသားက ပြောပြသည်။

အဆိုပါ တိမ်းရှောင်လာသည့် ပြည့်သူ ၂များကို မန်းဆူဘုန်းကျောင်းဆရာတော် ဘဒ္ဒန္ဒ ပညာနန္ဒ ဂရုဏာဖောင်းဒေးရှင်းနှင့် လူမူရေးအဖွဲ့စည်းများမှ စားဝတ်နေရေးအတွက်လာရောက် ကူညီထားကြောင်းသိရသည်။

“သူတို့က စစ်သားကောက်လို့ ထွက်ပြေးလာတယ်ပြောတယ်။ စားဝတ်နေရေး အတွက်တော့ ဘာအခက်ခဲမှတော့ မရှိပါဘူး” ထွက်ပြေးလာသူများကို ကူညီပေးနေသည့် လားရှိုးမြို့ဒေသခံအမျိုးသားတဦး က ပြောသည်။

လက်ရှိ အခြေအနေအရ ထွက်ပြေးလာသည့် ကျေးရွာ ၂ရွာတွင် နယ်မြေ အခြေအနေ လုံခြုံမှု မရှိသေးသဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက် ခိုလှုံနေကြောင်း သိရသည်။

နောင့်ဖော့ ကျေးရွာအုပ်စု ပန်ခန်းကျေးရွာသည် လားရှိုးမြို့၏ အနောက်ဘက် ၁၆ မိုင်ခန့် အကွာ ရှန်ခိုက်လမ်းခွဲအနီးတွင် တည်ရှိသောကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် ( TNLA)၊ ဌာနေပြည်သူ့စစ် နှင့် အစိုးရ တပ်မတော်တို့လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

Most read this week

April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...
April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...