ကိုဗစ်ကာလအတွင်း ရခိုင်ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ပေးရန်တောင်းဆို

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ပေးရန်တောင်းဆို

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ စတင်ပြီး ကိုဗစ်ရောဂါ ကူးစက်ပျံနှံ့နေမှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့အစည်း ၁၀ ခုက ဩဂုတ် ၂၅ ရက်နေ့ သဘောထားထုတ်ပြန် တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း ကပ်ရောဂါကြောင့် စစ်ဘေးရှောင်များအပေါ် လူသားချင်း စာနာထောက်ထားသောအားဖြင့် တာဝန်ယူဆောင်ရွက်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအား လာရောက်ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများအား လွတ်လပ်စွာကူညီဆောင်ရွက်ခွင့်ပေးပြီး ကိုဗစ်ကာလအတွင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် အင်တာနက်လိုင်းကို 4G အမြန်ဆုံး ဖွင့်ပေးနိုင်ရန် အဆိုပါအဖွဲ့များက တောင်းဆိုသည်။

“အဓိကရည်ရွယ်ချက်ကတော့ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ကိုဗစ်အကျပ်အတည်းကာလနဲ့ စစ်ရေးအကျပ်အတည်းကာလမှာ အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူ၊ တာဝန်ခံဖို့လိုတယ်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ စစ်ရေးတွေကို ရပ်တန့်ပြီးတော့ 2G အင်တာနက်ကို 4G ဖွင့်ပေးစေချင့်တဲ့ ရည်ရွယ်ချက်နဲ့တောင်းဆိုတာပါ” ဟု ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီမှ ဦးခိုင်ကောင်းစံက ပြောသည်။

ထို့အတူ ရခိုင်ပြည်နယ်မှ မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင် ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးကိုရှေ့ရှုလျက် သတင်းအချက်အလက်များကို လွတ်လပ်စွာ၊ လွယ်ကူမြန်ဆန်စွာ စီးဆင်းရေးအတွက် အင်တာနက်ကို 4G ပြန်လည်ဖွင့်ပေးရန် လွတ်လပ်စွာထုတ်ဖော်ပြောခွင့်အရေ ဆောင်ရွက်နေသည့် အသံအဖွဲ့က တောင်းဆိုထားသည်။

“အင်တာနက် 2G ရတဲ့နေရာတွေမှာ ကျန်းမာရေး Website တွေကို အမြန်ဝင်လို့မရဘူး၊ နောက်ပြီး Facebook တွေ ဖွင့်ရင်လည်းကြာတယ်။ အခုရခိုင်ပြည်နယ်မှာ ပိုးတွေ့သူတွေက အင်တာနက် 2G ရတဲ့နေရာတွေ ဖြစ်နေတဲ့အခါကျတော့ ပြည်သူ့တွေကို စိုးရိမ်စရာအခြေအနေ မြင့်တက်လာပေါ့။ အဲဒါကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက်ကို 4G ဖွင့်ပေးဖို့တောင်းဆိုတာပါ” ဟု အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုမောင်ဆောင်းခက ရှင်းပြသည်။

အစိုးရက ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ တစ်နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ခဲ့ပြီး ၂၀၂၀ သြဂုတ်လဆန်းပိုင်းတွင် အင်တာနက်ကို 2G ပြန်ဖွင့်ပေးခဲ့သည်။

(ဓာတ်ပုံ - DMG / ဘုရားတောင်များပေါ်တွင် အင်တာနက်သွားရောက် အသုံးပြုနေရသည့် မြောက်ဦးဒေသခံများ)

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...