တရားရုံး၌ကြားနာသည့်အမှုများအား ခေတ္တဆိုင်းငံ့ပေးရန် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ တောင်းဆို

တရားရုံး၌ကြားနာသည့်အမှုများအား ခေတ္တဆိုင်းငံ့ပေးရန် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ တောင်းဆို

အောင်ထိန် — ရခိုင်ပြည်နယ်တွင် Covid-19 ကူးစက်ရောဂါကြောင့် အများပြည်သူစိုးရိမ်နေကြသည့်အချိန်တွင်တရားရုံး၌ ကြားနာသည့်အမှုများအား ခေတ္တဆိုင်းငံ့ခြင်း(သို့)ရွှေ့ဆိုင်းပေးရန် ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ သြဂုတ်လ ၂၀ ရက်နေ့တွင် မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် Covid-19 ကူးစက်ရောဂါအခြေအနေသည် ပြည်တွင်းကူးစက်မှု ဖြစ်သကဲ့သို့ စိုးရိမ်ရသည့်အနေအထားတွင် ရှိနေသည်။

တရားစီရင်ရေးယန္တရားထဲတွင် ပါဝင်နေသည့် မြို့နယ်အသီးသီးကပြည်သူများသည် တရားရုံးသို့လာစဉ်အများပြည်သူသုံးယာဉ်များကို စီးနင်းအသုံးပြုလျက်ရှိသည်။

ယင်းသို့ သွားလာနေခြင်းသည် ရောဂါပိုးသယ်ဆောင်သကဲ့သို့ဖြစ်နေပြီး လက်ရှိရခိုင်ပြည်နယ်မှာ နောက်ထပ် မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်သဖြင့် ပြည်သူများ၏ကျန်းမာရေးအခြေအနေကို စိုးရိမ်သည့်အတွက် ယခု ကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ) စစ်တွေရုံးခွဲ ဒါရိုက်တာ ဒေါ်လှလှရီက ဆိုသည်။

“ဒီဟာတွေကရောဂါကူးစက်မှုနဲ့ သယ်ယူမှုကိုလည်းဖြစ်နိုင်တယ်။ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအပိုင်းမှာလည်း အခက်အခဲတွေရှိနိုင်တာကြောင့် လောလောဆယ် တရားရုံးမှာကြားနဲ့တဲ့အမှုတွေကို ယာယီအားဖြင့် ရွှေ့ဆိုင်းပေးဖို့တောင်းဆိုရတာဖြစ်တယ်” ဟု ဒေါ်လှလှရီက ပြောသည်။

ရခိုင်ပြည်သူများမှာ ကူးစက်ရောဂါကြောင့် မလုံခြုံသည့်အနေအထား၌ရှိနေသောကြောင့် ပြည်နယ်တရား လွှတ်တော်အနေဖြင့် တရားရုံးသို့လာရောက်သော ပြည်သူများ၏ရောဂါကူးစက်နိုင်သည့် အနေအထားနှင့် အချုပ်နှင့် စွပ်စွဲခံရသူများ၏အနေအထားကို စဉ်းစားသင့်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် တရားရုံးကြားနာမှုများကို ခေတ္တဆိုင်းငံ့ပေးခြင်း၊ ဥပဒေနှင့်အညီ သင့်တော်သလို အာမခံပေးခြင်းနှင့် အချုပ်လွှတ်ထုချေခွင့်များအပါအဝင်လိုအပ်သည့်လမ်းညွှန်မှုများကို လုပ်ဆောင်ပေးရန် ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)မှ တောင်းဆိုထားသည်။

ပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိနေချိန်တွင် လူစုလူဝေးဖြစ်ပေါ်မှုများကို လျော့ချသင့်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးငြိမ်းချမ်းက သုံးသပ်ပြောဆိုသည်။

“အခုအချိန်မှာ တရားစီရင်စစ်ဆေးမှုတွေကို အာမခံမရတဲ့အမှုတွေမှအပ ကျန်တဲ့အမှုအားလုံးကိုတော့ စစ်ဆေးမှုတွေကို လောလောစဉ် ရပ်ထားသင့်တယ်လို့မြင်တယ်” ဟု ဦးငြိမ်းချမ်းက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၄၅ ဦးအထိရှိလာပြီး ယခင်ကပိုးတွ့ရှိသူ ၁၆ ဦးမှာ ရောဂါ ကောင်းမွန်သွားပြီဖြစ်ကာ လက်ရှိပိုးတွေ့ရှိထားသူ ၂၉ ဦးထဲမှ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၂၈ ဦးနှင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင်တစ်ဦး အသီးသီးဆေးကုသမှုခံယူလျှက်ရှိသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...