ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်မှုရှိမည်ကို တိုင်းရင်းသား ပါတီအချို့ စိုးရိမ်

ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်မှုရှိမည်ကို တိုင်းရင်းသား ပါတီအချို့ စိုးရိမ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC သည် အစိုးရခန့်ထားသည့် အဖွဲ့အစည်းဖြစ်၍ လွတ်လပ်မှုမရှိခြင်းကြောင့် မျှတမှု မရှိမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား ပါတီအချို့က ပြောသည်။

ရှမ်းတိုင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က “ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက နိုင်ငံတကာမှာဆိုရင် Independent Body ပေါ့ဗျား လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ကျနော်တို့ နိုင်ငံက ဖြစ်မနေဘူးဗျား။ နိုင်ငံတကာမှာ ဆိုရင် အင်မတန်လွတ်လပ်တဲ့ Independent Body တွေဖြစ်တယ်။ အစိုးရနဲ့ မသက်ဆိုင်ဘူး။ အခုကျနော်တို့ဟာက အဲလိုပုံစံဖြစ်မနေ ဘူး။”

ရွေးကောက်ပွဲ ကော်မရှင်သည် အစိုးရက ခန့်အပ်ထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ကော်မရှင် အနေဖြင့် အစိုးရ၏ မျက်နှာကို ကြည့်နေရသည့် အနေအထားတွင် ရှိနေသည်ဟု စိုင်းကျော်ညွှန့်က ဆက်ပြောသည်။

“ပြောရမယ်ဆိုရင် အစိုးရက ခန့်ထားတာကိုး ခန့်ထားတော့ သူက သူ့ကိုခန့်ထားတဲ့သူကို သူကြည့်ရတာကိုး။ သူ့ Boss သူ့ သူဌေးကို သူကြည့်ရတဲ့ သဘောပေါ့ဗျာ။” မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများသည် ဘက်လိုက်တတ်သည့် သဘောသဘာ၀ ရှိခြင်းကြောင့် စိုးရိမ်ကြောင်း ဆက်ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ တစ်ခုတွင် ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍသည့် အရေးကြီးသကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်အတွက် ကော်မရှင်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုလည်း ခွင့်ပြုရန်လိုအပ်သည်ဟု စိုင်းကျော်ညွှန့်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် PACE Myanmar ကို ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့အစည်းအနေဖြင့် မှတ်ပုံတင်ထားခြင်း မရှိခြင်း၊ နိုင်ငံတကာမှ ထောက်ပံ့ငွေများ ရယူသည်ဟုဆိုကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ပိတ်ပင်ခဲ့ သည်။

ထိုသို့ ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်မှုအပေါ် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု- ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက “ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။ စစ်တပ်ဖက်ကနေ အသွင်ပြောင်းတဲ့ ပါတီတွေတောင်မှ စောင့်ကြည့်တဲ့အဖွဲ့တွေ ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ အဖွဲ့တွေကို လွတ်လွတ်လပ်လပ်  စောင့်ကြည့်ပိုင်ခွင့်ပေးတယ်ဆိုတာ အခု NLD လက်ထက်မှ ဒါမျိုးတွေလည်းပေးဖို့လိုပါတယ် ဆိုတဲ့ဟာ မျိုးတော့ ပြောလိုပါတယ်” ဟု ပြောသည်။

စိုင်းကျော်ညွှန့်ကလည်း “အဓိက ဒီ Election က ဘယ်လောက် Fair ဖြစ်တယ်။ ဘယ်လောက် Free ဖြစ် သလဲပေါ့။ ဘယ်လောက် သမာသမတ်ရှိသလဲ ဘယ်လောက်လွတ်လပ်ခွင့်ရှိမလဲ ဆိုတဲ့ဟာကို တိုင်းတာဖို့ က ဘယ်လိုနဲ့ တိုင်းတာ မလဲပေါ့။ အဲဒီတိုင်းတာ နိုင်ဖို့အတွက်က စောင့်ကြည့်လေ့လာတဲ့သူ လိုတယ်။ သူ့ရဲ့ သမာသမတ်ရှိမှုပေါ့။ Accountability သူ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ဘယ်သူတွေက လေ့လာမလဲ စောင့် ကြည့်မလဲ ဆိုတာကို အဲဒီစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက အရမ်းအရေး ကြီးတယ်။ အဲဒီနေရာ မှာ ပြည်တွင်းရှိမယ် ပြည်ပရှိမယ်။ အဲဒီစောင့်ကြည့်လေ့လာခွင့်ကို မပေးဘူးဆိုရင်တော့ ဒါကရွေး ကောက်ပွဲ ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ပြောသည်။

သို့သော် အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကြောင့်သော်လည်းကောင်း အဆိုပါ အဖွဲ့အစည်းမှ ညှိနှိုင်းမှုအရသော်လည်းကောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ပြန် လည်ခွင့်ပြုပေးခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Humanity Institute မှ မန်နေဂျာ ဂျိူးဇက်ဇော်ဖန်းက “ဒီရွေးကောက်ပွဲ စောင့်ကြည့်ခြင်းဆိုတာကျတော့ အထူးသဖြင့် ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံမှာ အထူးသဖြင့် ဒါလိုအပ်တယ်ပေါ့နော။ လိုအပ်တယ် ဆိုတာ အဓိက ဒီစောင့်ကြည့်တယ်ဆိုတာ အားနည်းချက်ကိုပဲ ကြည့်ဖို့မဟုတ်ဘူးပေါ့နော အဓိက ဘယ်လိုမျိုး Process တစ်ခုလုံးကို ဥပမာ UEC ရဲ့ နေရာမှာ ပိုကောင်းအောင် လုပ်လို့ရတယ်။ တကယ့် ဒီမိုကရေစီ ပိုပြီး  တော့ ရှင်သန်လာအောင်ပေါ့နော်” ဟု ပြောသည်။

၂၀၂၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ကိုဗစ်ကာလ ဖြစ်နေသည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍသည့် အရေးကြီးသကဲ့သို့  စောင့်ကြည့်ရေးအဖွဲ့၏ အခန်းကဏ္ဍသည်လည်း ယခင်ကထက် ပို၍ လိုအပ်နေသည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...