မျိုးသီရိကျော် - ရခိုင်ပြည်နယ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများကို ဒိန်းမတ်နှင့် နော်ဝေနိုင်ငံများမှ အကူအညီဖြင့် ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)မှ သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူနာပြုနှင့် သားဖွားသင်တန်း၊ ဒီဂရီကောလိပ်၊ တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတွင် ဝင်ခွင့်ရရှိထားသူများအတွက် ပညာသင်ဆုထောက်ပံ့ပေးရန် စီစဉ်ထားခြင်းဖြစ်ပြီး ပညာထူးချွန်သူများကို ဦးစားပေးရွေးချယ်မည်ဖြစ်သည်ဟု CDNH ၏ မန်နေဂျာ ကိုအားမာန်က ပြောသည်။
“အဝေးသင်တက်မယ့် ကျောင်းသားတွေမပါပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဝေးသင်တွေက တစ်ဖက်တစ်လမ်းက အလုပ်လုပ်လို့ရတယ်ပေါ့နော်။ အဓိက တက္ကသိုလ်တက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသားတွေကို ရည်ရွယ်တာပါ။ စီးပွားရေးအခက်အခဲတွေကြောင့် ပညာရေးဆက်မသင်နိုင်တဲ့ ကျောင်းသားတွေပေါ့” ဟု ကိုအားမာန်က ဆိုသည်။
ရွေးချယ်ခံရသည့် ကျောင်းသား/သူများအား အမေရိကန်ဒေါ်လာ ၂၀၀ နှင့်ညီမျှသော မြန်မာငွေကို လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ယခုကဲ့သို့ ထောက်ပံ့ခြင်းအစီအစဉ်ကို ဒိန်းမတ်နှင့် နော်ဝေနိုင်ငံတို့မှ ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း ကိုအားမာန်ကပြောသည်။
“မနှစ်ကတော့ လူ ၁၀၀ ကိုထောက်ပံ့နိုင်ခဲ့တယ်။ ဒီနှစ်က မနှစ်ကထက်တော့များမယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ ဆိုလိုတာက မနှစ်က ၁၀၀ ဆိုတော့ ဒီနှစ်မှာ ၃၀၀ ပေါ့၊ ပြီးခဲ့တဲ့နှစ်ကတော့ လျှောက်လွှာပိတ်ချိန် နည်းနည်းနောက်ကျသွားတယ်။ ဒီဇင်ဘာလမှပဲ ပိတ်ခဲ့တယ်ဆိုပေမယ့် ဒီနှစ်တော့ အောက်တိုဘာလ အလယ်လောက်မှာစပြီး သိမ်းမယ်လို့ထင်တယ်” ဟု ၎င်းကရှင်းပြသည်။
ရွေးချယ်ခံရသူအနေဖြင့် အဆင့်မြင့်ပညာ သင်ယူဆည်းပူးပြီးနောက် ကွဲပြားခြားနားမှုနှင့် သဟဇာတဖြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင်လည်းကောင်း၊ အကယ်၍လိုအပ်ခဲ့လျှင် ရခိုင်ပြည်နယ်ရှိ မိမိ၏ လူမှုအသိုက်အဝန်းအတွင်းသို့ ပြန်လည်သွားရောက်ကာ တာဝန်ထမ်းဆောင်မည်ဟူသော ကတိကဝတ်ကို ပညာသင်ထောက်ပံကြေးရွေးချယ်ရေးကော်မတီရှေ့၌ ခံဝန်လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်းလည်း ကိုအားမာန်က ပြောသည်။
ထို့ပြင် ကျောင်းသားများအနေဖြင့် ပညာသင်ကာလတွင် တစ်နှစ်တစ်တန်း အောင်မြင်ခဲ့လျှင် (၄)နှစ်ဆက်တိုက် ထောက်ပံ့ငွေများပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ကာလအတွင်း ပညာသင်စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက ပညာသင်ထောက်ပံ့ကြေးများကို ရပ်ဆိုင်းသွားမည်ဟုလည်း CDNH မှ သိရသည်။
ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ယနေ့မှစတင်ကာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့တွင်လည်းကောင်း၊ (CDNH)ရုံးခွဲများတွင်လည်းကောင်း ၊ www.cdnh.org/RakhineScholarships မှလည်းကောင်း လျှောက်လွှာရယူနိုင်ပြီဖြစ်ပြီး CDNH ရုံးများသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားများထဲမှ CDNH ၏ ပညာသင်ဆုလျှောက်ထားသူ ၁၀၀၀ ခန့်ရှိခဲ့ကာ ရွေးချယ်ခံခဲ့ရသူ ၁၀၀ ဦးရှိခဲ့ကြောင်း သိရသည်။







