ရခိုင်တွင် ခြောက်လကျော်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၃၀၀ ကျော်ရှိ

ရခိုင်တွင် ခြောက်လကျော်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၃၀၀ ကျော်ရှိ

မင်းထွန်း - ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းမှ သြဂုတ်လ ၁၃ ရက်နေ့ထိကာလအတွင်း ရခိုင်ပြည်နယ်တွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၅၉ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်မှဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ စစ်တွေတွင် ၈၃ ဦး၊ ပေါက်တောတွင် ၇၅ ဦး၊ ကျောက်ဖြူတွင် ၄၇ ဦး၊ တောင်ကုတ်တွင် ၃၅ ဦး၊ သံတွဲတွင် ၂၆ ဦး၊ ပုဏ္ဏားကျွန်းတွင် ၂၇ ဦးအပါအဝင် တခြားသောမြို့နယ်များတွင်လည်း အနည်းငယ်ဖြစ်ပွားမှု ရှိကြောင်း အဆိုပါကျန်းမာရေးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများအနက် အသက် ၂ နှစ်နှင့် ၄ နှစ်အကြားရှိ ကလေးငယ်များမှာ ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အသက် ၁၅ နှစ်နှင့်အထက်တွင်လည်း ရောဂါဖြစ်ပွားမှုများရှိနေကြောင်း ကျန်းမာရေးဦးစီး ဌာန၏စာရင်းအရ သိရသည်။

ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် နည်းပါးနေဆဲဖြစ်သော်လည်း အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်က ဆိုသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရောဂါအဆင့်ဖြစ်ပွားမှု နည်းပါးနေဆဲဖြစ်ပေမယ့် အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတွေ လောက်လန်း သေဆေး Abate ခပ်တာ၊ ရောဂါဖြစ်ပွားမှုတွေ့ရင် တွေ့ချင်း ခြင်ဆေးမှုတ်တာ၊ ပြည်သူလူထုအား ကျန်းမာရေး အသိပညာဖြန့်ဝေတာ စတာတွေကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်ရန် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကလည်း သြဂုတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်၊ ကျား/မမရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အသက် ၁၅ နှစ်အထက်ရှိသူများတွင် ဖြစ်ပွားပါက သေဆုံးမှုနှုန်းမြင့်မား နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၈၀၈)ဦးရှိခဲ့ပြီး သေဆုံးသူ ဦးရေ (၈) ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...