ကျောက်ဖြူဒေသခံ ၃ ဦး ဖမ်းဆီးခံရ

ကျောက်ဖြူဒေသခံ ၃ ဦး ဖမ်းဆီးခံရ

ဝင်းညွန့် - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ ဒေသခံသုံးဦးကို တပ်မတော်သားများမှ ကျေးရွာအတွင်းမှဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များထံမှ သိရသည်။



သြဂုတ် ၁၄ ရက်နံနက် ၁၀ နာရီခန့်တွင် တပ်မတော်သားများမှ ရွာအတွင်းလူများကိုစုခိုင်းကာ ဦးဘသန်းရွှေ (၄၈)နှစ်၊ ဦးဝေသီးအောင်(၄၇)နှစ်၊ ဦးသန်းမြတ်ရွှေ(၃၇)နှစ် တို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူဦးဘသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ခင်စောက DMG သို့ ပြောသည်။



“ကျွန်မတို့ရွာကို မနေ့ကစစ်သားတွေဝင်လာပြီးတော့ ဘုန်းကြီးကျောင်းမှာ လူစုခိုင်းတယ်။ လူစုပြီးတော့ ကျွန်မ ယောကျ်ားကို စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ကျွန်မယောကျ်ားမှာ ဘာမှအပြစ်မရှိဘူး” ဟု ၎င်းကရှင်းပြသည်။



ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဦးက ကျေးရွာသားသုံးဦးကို တပ်မတော်မှဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

“သူတို့ ရွာထဲကိုဝင်လာပြီးတော့ လူတွေကိုစုခိုင်းတယ်။ ပြီးတော့ သူတို့ကိုမသင်္ကာလို့ စစ်ဆေးစရာရှိတယ် ဆိုပြီးတော့ ဖမ်းသွားတယ်။ ရွာထဲက အိမ်တွေကိုလည်း အကုန်မွှေသွားတယ်”ဟု ဦးမောင်ခင်ဦးကပြောသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။



ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာသား ၉ ဦးနှင့် ဇွန်လ ၂၈ ရက်နေ့က စိုင်ခြုံဒွိန်ကျေးရွာမှ ရာအိမ်မှူးတစ်ဦး စုစုပေါင်း ၁၀ ဦးတို့ကို တပ်မတော်ကဖမ်းဆီးခဲ့ပြီး ကပ်သပြေကျေးရွာသား နှစ်ဦးကိုပြန်လွှတ်ပေးကာ ကျန်ရှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က) ၊(ဈ)၊ ၅၂(ည)တို့ဖြင့် တရားစွဲဆိုထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...