ရခိုင်တွင် ဆန္ဒမဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ သုံးသောင်းခြောက်ရာရှိ

ရခိုင်တွင် ဆန္ဒမဲပေးခွင့်ရှိသည့် မသန်စွမ်းဦးရေ သုံးသောင်းခြောက်ရာရှိ

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ဆန္ဒပေးခွင့်ရှိသည့် မသန်စွမ်း ဦးရေ သုံးသောင်းခြောက်ရာရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)၏ စာရင်းအရသိရသည်။

ယင်းအထဲတွင် အမြင်အာရုံမသန်စွမ်းသူ ၅၈၀ ဦး၊ အကြားအာရုံမသန်စွမ်းသူ ၆၅၀ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၁၄၀၀ ကျော်၊ ဉာဏ်ရည်မသန်စွမ်းသူ ၂၆၀ ကျော်အပါအဝင် တခြားသော မသန်စွမ်းများလည်း ပါဝင်သည်။

မသန်စွမ်းသူများသည် သန်စွမ်းသူများနည်းတူ မဲပေးကြရသည့်အတွက် မဲပေးရာတွင် အခက်အခဲများရှိလာနိုင်ကြောင်း ကိုယ်အင်္ဂါမသန်စွမ်းသူဖြစ်သည့် မဝင်းဆွေက ပြောသည်။

“အရင်ရွေးကောက်ပွဲက မဲရုံကိုမဲပေးသွားတဲ့အခါ သွားလာရေးအခက်အခဲတွေ ရှိတာပေါ့နော်။ အိမ်က မောင်လေးဖြစ်ဖြစ်၊ အစ်မဖြစ်ဖြစ် အကူတစ်ယောက်ခေါ်သွားရတယ်။ မဲရုံကိုရောက်တဲ့အခါလည်း အပြင်ပိုင်းမှာ မတ်တပ်ရပ်ပြီး တန်းစီနေရတယ်။ တခြားသန်စွမ်းတဲ့ လူတွေကတောင် တွန်းနေကြတာဆိုတော့ အဲဒီနှစ်က ကျမလဲကျသွားတယ်။ နောက်မှာပါတဲ့ မောင်လေးလာပြီးထူလို့ပေါ့။ အဲလိုမျိုး အခက်အခဲတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းများကို သန်စွမ်းသူများထက် ဦးစားပေးလုပ်ဆောင်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးလှမြင့်ကပြောသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မသန်စွမ်းသူတွေ မဲရုံကိုရောက်လာရင် အချိန်မီပြန်နိုင်အောင် ဦးစားပေးလုပ်ပေးသင့်ပါတယ်။ တချို့နေရာတွေမှာဆိုရင် ယာယီစစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့သူတွေ မဲပေးလို့ပြီးရင် ပြန်လည်သွားလာနိုင်အောင် စီစဉ်ပေးသင့်တယ်လို့ ယူဆပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က မသန်စွမ်းသူများ မဲပေးခွင့် ရရှိအောင် ညွှန်ကြားထားခြင်းရှိသော်လည်း သီးသန့်စီစဉ်ပေးထားခြင်း မရှိသေးကြောင်း ဆိုသည်။

“မသန်စွမ်းတွေ မဲပေးခွင့်ရရှိအောင်လုပ်ဖို့တော့ ညွှန်ကြားထားတာတွေရှိတယ်။ ဒါပေမယ့် အဲဒါတွေက မဲရုံတစ်ခုတည်းမှာ ရှိမှရမှာ။ အခုက တစ်ပြည်နယ်လုံးပျံ့နေတာ၊ ပြီးရင် တောရွာတွေမှာဆိုတော့ အဲဒီအတွက် သီးသန့်စီစဉ်ပေးထားတာမရှိဘူး။ ဒါပေမယ့် မြို့ပေါ်ရပ်ကွက်တွေမှာတော့ သွားပေးလို့ရအောင် မှာထားတယ်” ဟု ၎င်းကပြောသည်။

တစ်ဖက်တွင် မသန်စွမ်းသူများ မဲစာရင်းကြည့်ရှုနိုင်အောင်နှင့် ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် မဲပေးနိုင်ရန် အသိပညာပေးသင်တန်းများကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ရခိုင်ပြည်နယ်ရုံး(စစ်တွေမြို့)တွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မသန်စွမ်းမဲဆန္ဒရှင်တွေကို မဲစာရင်းမှာ သူတို့တွေရဲ့အမည် ပါ၊မပါ အသိပညာပေးသင်တန်းတွေ လုပ်ပေးဖို့ ရှိပါတယ်။ နောက်တစ်ခုက မဲပေးတဲ့အခါမှာ တခြားသန်စွမ်းသူတွေနဲ့ တန်းတူမဲပေးနိုင်အောင်၊ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် အသဲကြားကမဲတစ်ပြားကို မဆုံးရံှုးအောင် အသိပညာပေး သင်တန်းတွေပေးဖို့ ရှိပါတယ်”ဟု ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ရခိုင်ပြည်နယ်ရုံး တာဝန်ခံ မထွီးမေကဆိုသည်။

မသန်စွမ်းသူများအတွက် အသိပညာပေးသင်တန်းကို လာမည့် အောက်တိုဘာလကို နောက်ဆုံးထားပြီး စစ်တွေမြို့တွင် လုပ်ဆောင်သွားမည်ဖြစ်သော်လည်း တခြားသောမြို့နယ်များတွင် လုံခြုံရေးအခြေအနေနှင့် သွားလာရေးအခက်အခဲကြောင့် အသိပညာပေးသင်တန်းများ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိပြီး ယင်းအထဲတွင် မသန်စွမ်းသူဦးရေ သုံးသောင်းခြောက်ရာကျော် ပါဝင်သည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...