၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၀ ကျော်ရှိ

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၀ ကျော်ရှိ

ခင်သရဖီဦး - လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၃၈၆ ဦးရှိပြီး ယင်းအထဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၄၂ ဦး အထိရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)၏ သြဂုတ်လ (၁၀)ရက်နေ့အထိ စာရင်းအရ သိရသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၄၂)ဦးနှင့် နိုင်ငံရေးပါတီ(၁၈)ခုမှ ကိုယ်စားလှယ်လောင်း (၃၄၄)ဦးတို့မှာ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားကြခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော် ၃၄ နေရာတွင် လျှောက်ထားသူ ၂၀၈ ဦး၊ ပြည်သူ့လွှတ်တော် ၁၇ နေရာတွင် လျှောက်ထားသူ ၁၀၃ ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် လျှောက်ထားသူ ၆၆ ဦးနှင့် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် လျှောက်ထားသူ ၉ ဦးအထိရှိသည်။

တစ်သီးပုဂ္ဂလအဖြစ် လျှောက်ထားသူ(၄၂)ဦးထဲတွင် ပါတီမှနှုတ်ထွက်ခွင့်မရသည့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြင်ပမှ မျက်နှာသစ်လူများလည်း ပါဝင်သည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ရခိုင်အမျိုးသားပါတီ(ANP)မှ နှုတ်ထွက်ခွင့်မရသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။

“အဓိကတော့ ANP က နှုတ်ထွက်ခွင့်မပေးဘူးဆိုတဲ့ အကြောင်းအရာကြောင့် တစ်သီးပုဂ္ဂလဖြစ်သွားတာပါ” ဟု ၎င်းကပြောသည်။

အလားတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း ANP ပါတီမှ နှုတ်ထွက်ခွင့်မရ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

လက်ရှိရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဦးမြသန်းကလည်း လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“တစ်သီးပုဂ္ဂလအနေနဲ့ဝင်ပြိုင်မယ်ဆိုတာကတော့ ကျနော်ကို အမ်းဒေသခံတွေက အမ်းဒေသရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့အတွက် ဒီမှာလာပြီးအရွေးခံပါဆိုပြီးပြောလာတာကြောင့် ပြည်သူတွေအားနဲ့ ဝင်ပြိုင်မှာ ဆိုတော့ အခက်အခဲမရှိပါဘူး”ဟု ဦးမြသန်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် မဲရုံစုစုပေါင်း ၂၅၉၆ ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ဆယ့်ခြောက်သိန်းလေးသောင်းကျော် ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါး နေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအားနည်းလျက်ရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...