ညီလာခံတက်မတက် FPNCC မကြာမီ ဆုံးဖြတ်မည်

ညီလာခံတက်မတက် FPNCC မကြာမီ ဆုံးဖြတ်မည်

၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သော ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်များကြားတွင် ဆွေးနွေး အတည်ပြုချက် ရယူသွားရန် ရှိသည်ဟု အဖွဲ့ဝင်အဖွဲ့အစည်းများက ပြောသည်။

အင်အားကြီး ၀ အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ညီလာခံ တက်ရောက်ရေးနှင့်ပတ်သက်၍ သဘောထားချမှတ်ခြင်းမရှိသေးကြောင်း အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

“သူတို့လည်း လူတွေ မစုံသေးတဲ့ သဘောဖြစ်နေတယ်။ ဒါကို လည်း သူတို့ FPNCC အတွင်းမှာလည်း ဆွေးနွေးရမယ့် သဘော ရှိပါတယ်။ လောလောဆယ်တော့ ယတိ ပြတ်မရှိသေးဘူးခင်ဗျာ။ ဆုံးဖြတ်ချက် မချသေးဘူးပေါ့” ဟု သတင်းနှင့် မီဒီယာ ကွန်ရက်အား ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA၊ နှင့် ကိုးကန့်အဖွဲ့ MNDAA တို့က FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှုနှင့်အတူ လုံခြုံရေး အာမခံချက်ရှိမည်ဆိုပါက ၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်မည်ဟု ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုထားပြီး အဆိုပါ သဘောထားမှာ မပြောင်းလဲပဲ အရင်အတိုင်း ရှိနေဆဲ ဖြစ်သည် ဟု ဆိုသည်။

တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီအစိုးရက ကျနော်တို့ ၃ ဖွဲ့ကို ၂၁ ရာစုပင်လုံတက်ဖို့ ဖိတ်ကြားလာလို့ရှိရင် ကျနော်တို့ အတူတကွ တက်ကြမယ်။ ကျနော်တို့ ၃ ဖွဲ့ အကုန်လုံးပါမှ တက်မယ်” ဟု ပြောသည်။

သို့သော် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက NCA အပစ်ရပ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ကြားမည်ဖြစ်သော်လည်း ဥပဒေအကြောင်းအရ ကန့်သတ် ချက် ရှိသည့် အဖွဲ့အစည်းများကို ဖိတ်ကြားနိုင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

ဥပဒေကန့်သတ်ချက်အရ အကြမ်းဖက် အဖွဲ့အစည်းဟု အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာထားသည့်အဖွဲ့မှာ ရက္ခိုင့်တပ်တော် AA ဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့ နဂိုမူလကတည်း ကိုက တောင်းဆိုထားတာက all inclusive ပဲလေ။ ဘယ်သူမှ ချန်လှပ် မထားဘူးဆိုတဲ့ဟာလေ အားလုံးပါ ဝင်ရေးပေါ့နော်။ အခုဟာကလည်း ရိုက်ခတ်မှု ရှိလား မရှိဘူးလား ဆိုတာကတော့ မြေပြင်ပေါ်မှာက ဖြစ်နေတာက တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ လက်တွေ့မှာပဲ ကျနော်တို့က အဓိကစောင့်ပြီး မှတ်ချက်ချချင်တာပေါ့လေ။ သဘောထားက ကျနော်တို့က နဂိုကတည်းက ရှိပြီးသား အားလုံးပါဝင်စေ ချင်တာပေါ့။ အားလုံးပါဝင်မှပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ့ဆုံဆွေးနွေးပွဲက ပိုပြီးတော့ အနှစ်သာရပြည့်တယ်။ အဓိပ္ပာယ်ရှိတာပေါ့” ဟု ပြောသည်။

SSPP/SSA အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မည့် သဘောထားနှင့် ပတ်သက်၍ ဗိုလ်မှူး စိုင်းဖုန်းဟန်က ယခုလိုဆက်ပြောသည်။

“လောလောဆယ်တော့ ကျနော်တို့ confirm မလုပ်ရသေးဘူး အဲဒါကြောင့်မို့ ဆွေးနွေးနေတုန်းပဲ ဖြစ်တယ် ခင်ဗျား။ အဲဒါက မပြီးပြတ်သေးဘူး ကျနော်တို့ ဆွေးနွေးနေတုန်းပဲ ဖြစ်တယ်ခင်ဗျာ” ဟု ဆက်ပြောသည်။

၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားရန်ရှိပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရှိနေသည့်အတွက် ညီလာခံ ကျင်းပမည့်ရက်ကို ထပ်မံရွေ့ဆိုင်းရန် မဖြစ်နိုင်ကြောင်း ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယခင်က ၂၁ ရာစုပင်လုံညီလာခံကို အဖွဲ့အစည်းအနေဖြင့် တက်ရောက်ခဲ့သော်လည်း ဆွေးနွေးခွင့်မရသည့် အနေအထားကြောင့် ယခုဆွေးနွေးပွဲတွင်လည်း ယခင်ညီလာခံ ပုံစံကဲ့သို့ပင်ဖြစ်လာနိုင်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“ပြောရမယ်ဆိုရင်တော့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးမှ သိပ်ပြီး ထူးထူးခြားခြား မရှိပါဘူး။ တက်လည်း မထူးခြားဘူး မတက်လည်း ဘာမှမထူးခြားဘူးနော်။ ဒါပေမယ့် တစ်ခုကတော့ ဆွေးနွေးပွဲ မရှိတာနဲ့ စာရင် ဆွေးနွေးပွဲမ်းကြောင်းပေါ်မှာ လာလို့ရှိရင်တော့ ဆွေးနွေးပွဲ အလားအလာက လမ်းကြောင်းပိုပြီး ရှိလာတာပေါ့နော်။”

ညီလာခံကို ယခင်က လူဦးရေ တစ်ထောင်နီးပါးခန့်ဖြင့် ကျင်းပခဲ့ကြပြီး ယခုကျင်းပမည့် ညီလာခံကို COVID-19 ကန့်သတ်ချက်ကြောင့် လူဦးရေလျော့ကာ ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/AA) တို့ ပါဝင်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...