စစ်တွေမြို့တွင် ပညာသင်ကြားနေသည့် စစ်ဘေးရှောင်ကျောင်းသားများ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ

စစ်တွေမြို့တွင် ပညာသင်ကြားနေသည့် စစ်ဘေးရှောင်ကျောင်းသားများ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ်နေ

နှင်းနွယ် — ယခုမိုးတွင်းကာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့၌ တုပ်ကွေးရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် တစ်ခြားရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

စစ်တွေမြို့ပေါ်က ပြည်တော်ပြန်ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားရန်ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ကျောင်းသားအများစုမှာလည်း ဖျားနာခြင်း၊ မျက်စိနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေကြသည်။

စစ်ဘေးဒုက္ခသည်များထဲမှ ပညာမသင်ကြားနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများကို စစ်ဘေးသင့် ကျောင်းသား၊ကျောင်းသူများ ကူညီစောင့်ရှောက်ရေးအသင်းမှ ပြည်တော်ပြန်ကျောင်း၌ ပညာသင်ကြားပေး နေခြင်းဖြစ်သည်။ ယင်းကျောင်းတွင် ၇ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော် ပညာသင်ကြားလျက် ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ ပြည်တော်ပြန်ကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား များမှာ တုပ်ကွေးရောဂါ၊ မျက်စိနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် ကျောင်းသား ၂၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း စစ်ဘေးသင့် ကျောင်းသူ၊ ကျောင်းသားများကူညီစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူး ကိုထွန်းလှိုင်က ပြောသည်။

“ဒီမှာက ခြင်တအားကိုက်တော့ ခြင်တွေကြောင့် တုပ်ကွေးရောဂါဖြစ်နေကြတာပါ။ တုပ်ကွေးဆိုတာကလည်း တစ်ယောက်ဆီကနေ တစ်ယောက်ဆီကို ကူးစက်မြန်တယ်။

ကျွန်တော်တို့ဒီကို စရောက်တာနဲ့ ဖျားတာတွေ စဖြစ်လာတယ်။ နောက်တော့ မျက်စိနာတာတွေ၊ ဝမ်းပျက်တာတွေဖြစ်လာတယ်။ ဖျားပြီဆိုတာနဲ့ အဆစ်အမြစ် ကိုက်တာတို့၊ ထမင်းမစားနိုင်တာတို့ ဖြစ်တော့တာပဲ။ ဆေးခန်းကလည်း တစ်ယောက်ပြီးတစ်ယောက် ခဏခဏ ပြနေရတယ်” ဟု ၎င်းကဆိုသည်။

နေမကောင်းဖြစ်သည့် ကျောင်းသားများအား ဆေးခန်းပြသည့်အခါတွင်လည်း ပြန်လည်သက်သာသူများ ရှိသကဲ့သို့ မသက်သာသူများလည်းရှိသောကြောင့် ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလိုအပ်နေကြောင်းကိုထွန်းလှိုင်က ဆက်ပြောသည်။

“ဒီမှာက ဖျားနာတွေ၊ မျက်စိနာတာတွေ၊ ဝမ်းပျက်ဝမ်းလျှောတွေက အမြဲတမ်းလိုလိုဖြစ်နေတော့ ဒီကကလေး တွေရဲ့ ကျန်းမာရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ကလေးတွေ နေမကောင်းဖြစ်လို့ အရေးပေါ် အခြေအနေမှာ ဖုန်းဆက်ခေါ်ရင်လာပေးနိုင်မယ့် ဆရာဝန်တစ်ယောက်ဖြစ်ဖြစ်၊ ပရဟိတဆေးခန်းလေး တစ်ခုလောက် ဖြစ်ဖြစ် ဖွင့်ပေးစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ပြည်တော်ပြန်ကျောင်း၌ ပညာသင်ကြားနေသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ကျောင်းသားတစ်ဦးက ယခုကဲ့သို့ နေမကောင်းဖြစ်နေသဖြင့် စာမသင်လိုက်ရသည့်နေ့များရှိခဲ့သည်ဟု ပြောသည်။

“ကျွန်တော်တို့ နေမကောင်းဖြစ်ရင် ဆေးဝါးကောင်းတွေ မသောက်ရဘူး။ ကျွန်တော်တို့ဖြစ်ချင်တာကတော့ ကျန်းမာရေးကောင်းမွန်ပြီးတော့ ပညာကောင်းကောင်း သင်ယူခွင့်ရချင်တယ်’’ ဟု လက္ကာကျေးရွာမှ စစ်ဘေးရှောင်ကျောင်းသား မောင်ဘုချေက ပြောသည်။

အဆိုပါစစ်ဘေးရှောင်ကျောင်းသားများမှာ ပညာသင်ကြားရန်အတွက် ပြည်တော်ပြန်ကျောင်းသို့ ရောက်ရှိ နေသည်မှာ တစ်လခန့်သာရှိသေးပြီး ယင်းအထဲတွင် ရွာလုံးကျွတ်မီးလောင်သွားခဲ့သည့် လက္ကာကျေးရွာမှ စစ်ဘေးရှောင်ကျောင်းသား အများစုပါဝင်ကြသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ရှိနေပြီး ယင်းအထဲမှ ၃၀ ရာခိုင်နှုန်းမှာ ကျောင်းသားများဖြစ်ကြကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က ခန့်မှန်းထားသည်

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...