ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မဲဆန္ဒနယ်မြေ ၅၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မဲဆန္ဒနယ်မြေ ၅၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီက မဲဆန္ဒနယ်မြေ ၅၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သြဂုတ် ၁၀ ရက်ထုတ်ပြန်ကြေညာလိုက်သည်။ 

CNLD ပါတီအနေဖြင့် ချင်းပြည်နယ်တစ်ပြည်နယ်လုံးအပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ  မဲဆန္ဒနယ်မြေ ၄၈ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း မဲဆန္ဒနယ်မြေ ကိုးနေရာထပ်တိုးကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း  CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ 

“ဒီအချိန်မှာ ကိုယ့်ချင်းအမျိုးသား ရေးတွေရဲ့ ရပိုင်ခွင့် ပင်လုံမှာကတည်းက ဆုံးရှုံးနစ်နာခဲ့တဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ဖက်ဒရယ်အရေးနဲ့ တန်းတူရေးတို့ ပြန်လည်ရရှိနိုင်ဖို့အတွက် ဒီချိန်မှာ ကိုယ့်အမျိူးသားပါတီနဲ့ ရပ်တည်ဖို့အလိုအပ်ဆုံးဖြစ်တယ်" ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNLD ၏ ကြေညာချက်တွင် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၇ နေရာ၊ မကွေးတိုင်းဒေသကြီး မင်းလှ၊ မင်းတုန်း၊ ဆော၊ ဂန့်ဂေါ၊ တောင်တွင်းကြီး၊ ငဖဲ နှင့် ထီးလင်းမြို့နယ်တို့တွင် ၁၀ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် လေးနေရာ၊ တမူးမြို့နယ်တွင်သုံးနေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တစ်နေရာစီဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ဖော်ပြထားသည်။ 

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီသည် ချင်းပါတီသုံးပါတီ (CPP၊ CNDP၊CLD) တို့ကို ပူပေါင်းဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ချင်းပြည်နယ်တွင် NLD နှင့် USDP ပါတီတို့အတွက် အဓိကပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။  

ဆလိုင်းကျဲအိုဘိခ်ထောင်က “ကျွန်တော်တို့က သုံးပါတီကနေ တစ် ပါတီဖြစ်ပွားသွားတဲ့အခါကျတော့  အင်းအားလည်းပို ပြီးတော့တောင့် တင်းခိုင်မာ လာတယ်၊ လူထုကလည်းပဲ စည်းလုံးညီညွတ်မှုအင်းအားကို တခဲနက်ထောက်ခံပြီး ချင်းအမျိုးသားပြန်လည်တည်ဆောက်ရေးနဲ့ကျွန်တော်တို့ ချင်းလူမျိုးများရဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ဒီတခေါက်ကတော့ စည်းစည်းလုံးလုံံးနဲ့ ချင်းပါတီ (CNLD) ပါတီမှာပဲ တခဲနက်ရပ်တည်ပေးမယ်လို့ယူဆပါတယ်” ဟု ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် CPP၊ CNDP၊ CLD ပါတီတို့သည် တစ်ပါတီချင်းစီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေတစ်နေရာမှ အနိုင်ရရှိခြင်းမရှိခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...