၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံသည့်တွက် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၏ ထိန်းချုပ်ရန်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂ဝရွေးကောက်ပွဲသည် သုံးကြိမ်မြောက်ကျင်းပပြုလုပ်ခြင်းဖြစ်ကာကချင်လက်နက်ကိုင် အဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံကို လက်မခံသည့်နည်းတူ ရွေးကောက်ပွဲကိုလည်း လက်ခံနိုင်ခြင်းမရှိဟု ဆိုသည်။
“ဒီရွေးကောက်ပွဲက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တည်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တယ်။ ကျနော်တို့အနေနဲ့က အစကတည်းကနေ ဒီဖွဲ့စည်းပုံအခြေခံကို လက်ခံခဲ့တာမဟုတ်တဲ့တွက် ရွေးကောက်ပွဲကိုလည်းလက်ခံနိုင်စရာ အကြောင်းမရှိပါဘူး” လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ရွေးကောက်ပွဲကျင်းပရန် သက်ဆိုင်ရာအစိုးရကသော်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်မှသော်လည်းကောင်း လာရောက်ညှိနှိုင်းလျှင်ပင် ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြတ်သားစွာ ပြောသည်။
သို့သော် ၎င်းတို့အနေဖြင့် အဆိုပါရွေးကောက်ပွဲအား အနှောက်ယှက်ပေးခြင်း၊ကန့်ကွက်ခြင်းမျိုးပြုလုပ်မည် မဟုတ်ဘဲ ကချင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေမှအပ အခြားနေရာများတွင် လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိ ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနယ်မြေများတွင် နေရပ်ဒေသအသီးသီးမှ စစ်ရှောင်များ သွားရောက်ခိုလုံခြင်းများ ရှိနေပြီး စစ်ဘေးရှောင်ပြည်သူများလည်း အများအပြားရှိနေရာ ၎င်းစစ်ရှောင်စခန်းများမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့်မိမိဒေသတို့သွားရောက်မဲထည့်ခွင့်ရှိကြောင်းမှင့် ထိုကိစ္စအပေါ် တစ်စုံတစ်ရာတားမြစ်မည်မဟုတ်ဟု ဆိုသည်။
သို့သော် ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနယ်မြေမှ မဲပေးမည့်စစ်ရှောင်ပြည်သူများအနေဖြင့် မတရားအသင်းဆက်သွယမှုပုဒ်မ ၁၇(၁) ရှိနေသည့်တွက် မိမိဒေသသို့သွားရောက် မဲပေးရန် အခက်ခဲရှိနေကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးအောင်ခမ်းက သုံးသပ်ပြောကြားခဲ့သည်။
“ကျနော်တို့အနေနဲ့တော့ KIA ထိန်းချုပ်ထားတဲ့ဘက်က စစ်ရှောင်တွေဆီက မဲလိုချင်တယ်၊ မဲပေးနိုင်ဖို့လည်း လုပ်ချင်တယ်။ ဒါပေမယ့် တစ်ဖက်မှာကလည်း ၁၇(၁)ရှိတော့ ဟိုဘက်ကတော့ ခွင့်ပြုလိုက်ပြီထားပါတော့ ဒီဘက်ကျမှ ဖမ်းခံနေရရင် ဘယ်လိုလုပ်မလဲ။အဲကြောင့် KIA ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုတော့ ပါတီတွေကဘဲမဟုတ်ဘဲနဲ့ ကော်မရှင်နဲ့ ပူးပေါင်းပြီးမှ လုပ်ဆောင်နိုင်ရန်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့်ခုချိန်ထိတော့ ကော်မရှင်ကလည်းဘာမှ ညွှန်ကြားလာတာမရှိဘူး” လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)မှ ဦးအောင်ခမ်းက ပြောသည်။
လာမည့် အထွေထွေရွေးကောက်ပွဲသည် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲပေးပိင်ခွင့်ရှိသူ ဆယ်သိန်း ရှစ်သောင်းကျော်ရှိကာ ပြီးခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲက မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိခဲ့သည်။
အဆိုပါ ကချင်ပြည်နယ်တွင်လာမည့်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၈၈၉ ရုံကျော်ဖွင့်လှစ်သွားမည်ဖြစသော်လည်း နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ ကျေးရွာအုပ်စုပျက်များကြောင့်သော်လည်းကောင်း မဲရုံဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျေးရွာပေါင်း ၁၉၃ ရွာခန့်ရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။







