သံဇစ်မြစ်ရေ ညစ်ညမ်းနေမှုကြောင့် ရွာပေါင်း ၅၀ ကျော်မှ ရေလုပ်သားများ အခက်ကြုံနေရ

သံဇစ်မြစ်ရေ ညစ်ညမ်းနေမှုကြောင့် ရွာပေါင်း ၅၀ ကျော်မှ ရေလုပ်သားများ အခက်ကြုံနေရ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်ရှိ သံဇစ်မြစ်နှင့် လောင်းချောင်းမြစ်တို့တွင် မြစ်ရေညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၅၀ ကျော်မှ ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေရကြောင်း ဒေသခံများကပြောသည်။

“အခုက ငါးဖမ်းရတာ အခြေအနေတော်တော်ဆိုးတယ်။ မြစ်မှာ ရေထုညစ်ညမ်းမှုတွေ ဖြစ်နေတဲ့အတွက် ငါးဖမ်းလို့မရတော့ ဒီရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ကျနော်တို့မှာ စားဝတ်နေရေး အခက်အခဲတွေ တော်တော်ဖြစ်နေတယ်” ဟု အမ်းမြို့နယ်၊ ကြာပူကျေးရွာမှ ရေလုပ်သား ဦးမောင်စိုးသိန်းက ဆိုသည်။

ထိုသို့ မြစ်ရေညစ်ညမ်းမှုကြောင့် ငါး၊ ပုဇွန် ၅၀ ရာခိုင်နှုန်းခန့်နှင့် ဂဏန်း ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သဖြင့် ရေလုပ်သားတို့မှာ စားဝတ်နေရေး အခက်အခဲနှင့်ကြုံနေရကြောင်း ရေလုပ်သားများက ဆိုကြသည်။

“အခုက ပုဇွန်ဝယ်ရတဲ့အခြေအနေက နည်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေထုညစ်ညမ်းလို့ ငါးဖမ်းသမားတွေ ငါးမဖမ်းရတော့ဘူး။ အရင်ကထက် ၃ ပုံ ၁ ပုံလောက် လျော့ကျသွားတယ်” ဟု ငါး၊ ပုဇွန်ဝယ်နေသူ ကိုမောင်ဝင်းခိုင်က ပြောသည်။

ယင်းသို့မြစ်ရေများ ညစ်ညမ်းမှုဖြစ်ပေါ်နေသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ယနေ့ထိ ကွင်းဆင်းစစ်ဆေးခြင်းများ မရှိသေးကြောင်း ဒေသခံများက ဆိုကြသည်။

၂၀၁၈-၂၀၁၉ ခုနှစ်က သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းမှုဖြစ်ပွားခဲ့၍ ငါး၊ပုဇွန်များနှင့် ရေနေသတ္တဝါတို့ အမြောက်အများ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ရေလုပ်သားများတွင်လည်း အရေပြားရောဂါ ခံစားခဲ့ရသဖြင့် ယခုအခါ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ယခင်နှစ်ကတော့ အခုလိုရေထုညစ်ညမ်းမှုဖြစ်လို့ ငါးရှာနေတဲ့အခါ အရေပြားတွေယားတယ်။ အရေပြားရောဂါ ဖြစ်တယ်။ အခုတော့ အဲဒီလိုတော့မဖြစ်သေးဘူး။ ဒါပေမဲ့ ရေတွေမဲနေတဲ့အတွက် ငါးရှာလို့မရဘူး”ဟု အမ်းမြို့နယ်၊ ကြာပူကျေးရွာမှ ရေလုပ်သား ဦးအောင်ကြည်စိုးက ပြောသည်။

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် သံဇစ်မြစ်ရေညစ်ညမ်းနေသဖြင့် ရေနမူနာအား ဓါတ်ခွဲစမ်းသပ်ခဲ့ရာ ရေညစ်ညမ်းမှုအလွန်မြင့်မားနေပြီး လူနှင့်ရေသတ္တဝါများ အန္တရာယ်ရှိနိုင်သည့် စံနှုန်းသတ်မှတ်ချက်ထက် ကျော်နေသည်ကိုတွေ့ရှိရကြောင်း ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ကိုမျိုးလွင် (အမ်း)

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...