အောင်ကောင်းဇော် — လွှတ်တော်တွင်မေးမြန်းခဲ့သည့်မေးခွန်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းကို ဖေ့စ်ဘုတ်ပေါ်တွင် ဝေဖန်ရေးသားခဲ့မှုဖြင့် မာန်အောင်ဒေသခံ တစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
ထိုသို့ဝေဖန်ရေးသားခဲ့သူအား သြဂုတ် ၅ ရက်က ကျောက်ဖြူမြို့မရဲစခန်းတွင်အမှုဖွင့်ခဲ့ပြီး မာန်အောင်မြို့နယ် ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း အမှုဖွင့်ခံရသူ ဦးမောင်မောင်တင်ကပြောသည်။
မာန်အောင်မြို့နယ်၊ မာန်အောင်ဆိပ်ကမ်းတစ်လျှောက်နေအိမ်များအား ၁၉၉၃ ခုနှစ်က ဆိပ်ကမ်းသာယာရေး အတွက်သိမ်းယူခဲ့ရာ မူလစီမံကိန်းပြန်လည်လုပ်ဆောင်ခြင်းမရှိသည့်အတွက် ပြန်လည်ပေးအပ်ရန်အစီအစဉ် ရှိ၊ မရှိမေးခွန်းကို လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ဇူလိုင်လ ၃၀ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အကြောင်းအရာတစ်ခုအပေါ် သေချာလေ့လာဆန်းစစ်မှုမရှိဘဲ တစ်ဖက်သတ်ပြောဆိုခဲ့သဖြင့် မကျေနပ်၍ဖေ့စ်ဘုတ်ပေါ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်တင်က ပြောသည်။
“သူမေးခဲ့တဲ့မေးခွန်းက ခရိုင်ကို ကိုယ်စားပြုတဲ့မေးခွန်းမဟုတ်သလို မာန်အောင်မြို့နယ်ကို ကိုယ်စားပြုတဲ့ မေးခွန်းလဲမဟုတ်ပဲ လူ ၂ ဦးအတွက် အဂတိတရားလေးပါးနဲ့မညီတဲ့မေးခွန်းကို မေးခဲ့တာကြောင့် ပြည်သူ တစ်ယောက်အနေနဲ့ သိချင်လို့ ဖေ့စ်ဘုတ်ပေါ်တင်ပြီး မေးခွန်းမေးခဲ့တာဖြစ်တယ်။ စော်ကားတာမပါဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ဦးမောင်မောင်တင်မှ ဖေ့စ်ဘုတ်ပေါ်တင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ညစ်ညမ်း စကားလုံးများဖြင့် လူအယုံအကြည်ကင်းမဲ့အောင်၊ သိက္ခာကျအောင်လုပ်ဆောင်ခဲ့သည်ဟုဆိုကာ လွှတ်တော် ကိုယ်စားလှယ်ဦးကျော်သန်းက အမှုဖွင့်လှစ်ခဲ့သည်။
“၁၉၉၃ ခုနှစ်က မာန်အောင်မြို့ဆိပ်ကမ်းသာယာရေးကိစ္စနဲ့ ကမ်းနားမှာနေတဲ့ အိမ် ၄ အိမ်ကို ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မေးခွန်းမေးခဲ့တဲ့အပေါ်မှာ သူတို့ကို မနာလိုလို့ တိုက်ခိုက်တယ်ဆိုတဲ့သဘောကို ညစ်ညမ်းတဲ့ စကားတွေနဲ့တင်ထားတယ်။ ဥပဒေအတိုင်း လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုတဲ့အပေါ်မှာ အခုလိုမျိုး ဂုဏ်သိက္ခာ ကျဆင်းအောင်တင်ခဲ့လို့ တရားစွဲဆိုခဲ့တာဖြစ်တယ်” ဟု ဦးကျော်သန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိအစိုးရလက်ထက် (၄)နှစ်ကျော်ကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁)ဦးရှိပြီး တရားစွဲဆိုထားသည့်အမှုပေါင်း (၅၃၉)မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့မှ ဇူလိုင် ၁၆ ရက်နေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။







