ရခိုင်တွင် ယခုနှစ် မိုးစပါးမစိုက်ပျိုးနိုင်သည့် လယ်ဧကမှာ ယခင် ၂၀၁၉ ခုနှစ်ကထက် ပိုများနိုင်

ရခိုင်တွင် ယခုနှစ် မိုးစပါးမစိုက်ပျိုးနိုင်သည့် လယ်ဧကမှာ ယခင် ၂၀၁၉ ခုနှစ်ကထက် ပိုများနိုင်

မျိုးသီရိကျော် — ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခု ၂၀၂၀ ပြည့်နှစ်တွင် ထွန်ယက် စိုက်ပျိုးခြင်းမလုပ်နိုင်သည့် လယ်ဧကမှာ ယခင် ၂၀၁၉ ခုနှစ်ထက် ပိုများနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ခန့်မှန်းပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြို့နယ် ၇ ခုတွင် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ်ခဲ့သည့် လယ်ယာမြေ ဧက ငါးသောင်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား ၃ မြို့နယ်၌ မထွန်ယက်နိုင်သည့် လယ်ဧကမှာ လေးသောင်းခန့်ရှိနေပြီဖြစ်သည်။

ယခုနှစ်တွင် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲရှိသည့် လယ်ယာမြေများအား စာရင်းကောက်ယူရာတွင် အခက်အခဲရှိများရှိနေသည့်အတွက် မြို့နယ်စုံအား မကောက်ယူနိုင်သေးကြောင်း ဦးကျော်ဇံက ပြောသည်။

“အဲဒီဒေသတွေကို ကွင်းဆင်းရတဲ့အခါမှာ စစ်သားတွေရှိတယ်ပေါ့နော်။ လုံခြုံရေးအရ ကျနော်တို့ မသွားနိုင်တဲ့ အနေအထား၊ ခြိမ်းခြောက်ခံရတဲ့ အနေအထားတွေရှိတယ်။ ဒါကြောင့် အသေးစိတ်အချက်အလက်တွေကို ကျနော်တို့ကောက်ရတာ အခက်အခဲရှိတယ်” ဟု ဦးကျော်ဇံက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည် ၂ သိန်းခန့်အထိရှိလာနေပြီး ထိုအထဲတွင် တောင်သူ လယ်သမားများ အများအပြားပါဝင်သည်။

စစ်ဘေးရှောင်စခန်းမှ လယ်သမားများမှာ ၂၀၁၉ ခုနှစ်က ဒေသအခြေအနေကိုကြည့်ပြီး လယ်ယာထွန်ယက် စိုက်ပျိုးရန် ကျေးရွာများသို့သွားခဲ့ကြသော်လည်း ယခုနှစ်တွင် လုံခြုံရေးစိုးရိမ်ရသဖြင့် လယ်ထွန်ယက် စိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း ပြောသည်။

“ပြီးခဲ့တဲ့နှစ်ကတော့ နည်းနည်းပါးပါး ထွန်လိုက်ရတယ်။ ဒါပေမယ့်ဒီနှစ်မှာ လုံးဝမထွန်လိုက်ရဘူးဆိုတော့ လယ်ကို အားကိုးပြီးစားသောက်နေရတဲ့ ကျနော်တို့အတွက်တော့ စားဝတ်နေရေးက ပိုပြီးခက်ခဲလာနိုင်တယ်။ အခုက စစ်ဘေးရှောင်စခန်းမှာနေပြီး အလှူရှင်တွေဆီက အလှူတွေကိုပဲ မျှော်ပြီးစားသောက်နေရပါတယ်” ဟု ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ဦးဇော်မင်းနိုင်က ဆိုသည်။

၂၀၁၉ ခုနှစ်က ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့နယ် တို့တွင် လယ်ယာထွန်ယက်စိုက်ပျိုးရန် အခက်အခဲများရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း စပါးသီးနှံ ၂၀ ရာခိုင်နှုန်းအထိ အထွက်နှုန်းကျဆင်းခဲ့ပြီး ကုန်ထုတ်လုပ်မှုမှာ စပါးတင်း သိန်း ၃၀၀ ခန့်လျော့ကျသွားခဲ့ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ၂၀၁၉ ခုနှစ်ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...