ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း ၁၅ ကျောင်းဖွင့်ရန် လျာထားသော်လည်း ၂ ကျောင်းသာ ဖွင့်လှစ် သင်ကြားနိုင်သေး

ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း ၁၅ ကျောင်းဖွင့်ရန် လျာထားသော်လည်း ၂ ကျောင်းသာ ဖွင့်လှစ် သင်ကြားနိုင်သေး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း အထက်တန်းကျောင်းပေါင်း (၁၅)ကျောင်း ဖွင့်လှစ်သင်ကြားရန် လျာထားခဲ့သော်လည်း လက်ရှိအချိန်အထိ (၂)ကျောင်းကိုသာ ဖွင့်လှစ် သင်ကြားနိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လက်ရှိတွင် ပလက်ဝမြို့ပေါ်မှ ကျောင်းသားဦးရေ (၁၈၀)ကျော်ရှိသည့် အ.ထ.က (၂)ကျောင်းနှင့် အမှတ် (၂၈၉)တပ်ရင်း၌ရှိသော အ.ထ.က(ခွဲ)ကျောင်း၌ ကျောင်းသားဦးရေ ၄၀ ကျော်ကိုသာ ပညာသင်ကြားနိုင်သေးကြောင်း ယင်းမြို့နယ်ပညာရေးမှူး ဆလိုင်းမင်းအောင်က DMG သို့ပြောသည်။

“မြို့ပေါ်က ကျောင်းနှစ်ကျောင်းကိုပဲ ကိုဗစ်ကာကွယ်ရေး အဆင့်(A)ဖြစ်တယ်ဆိုပြီး မြို့နယ်ဆရာဝန်တွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ခွင့်ရတယ်။ အခြားဖွင့်ဖို့လျာထားတဲ့ ကျောင်းတွေကျတော့ (A)အဆင့်မဖြစ်သေးဘူးဆိုပြီး ဖွင့်ခွင့်မရသေးတော့ အဲဒီကျောင်းက ကျောင်းသားတွေကလည်း အခုချိန်ထိ စာမသင်ရသေးဘူး”ဟု ၎င်းက ပြောသည်။

အထက်တန်းကျောင်းပေါင်း (၁၃)ကျောင်း မဖွင့်လှစ်နိုင်သည့်အတွက်ကျောင်းသား၊ကျောင်းသူ တစ်ထောင်ကျော်မှာ ပညာသင်ကြားခွင့် မရရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျန်ရှိသည့်ကျောင်းများအား ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် (A)အဆင့်ရရှိစေရန် ဆောင်ရွက်မည် ဆိုလျှင်လည်း ကိုဗစ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ပစ္စည်းများမရောက်ရှိသေးကြောင်း မြို့နယ် ပညာရေးမှူးက ဆိုသည်။

“ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးပစ္စည်းတွေ သယ်လာတဲ့ကားက လမ်းခရီးမှာ ကြန့်ကြာနေတော့ ကျောင်းကို မရောက်နိုင်သေးဘူး ဖြစ်နေတယ်။ မိုးကတအားရွာတော့ လမ်းမှာမြေပြိုတာတွေ၊ ကားဘီးနွံနစ်တာတွေ ရှိနေတော့ ကားတွေက ရပ်ထားရတယ်။ ပစ္စည်းတွေက လွယ်လွယ်နဲ့မရောက်နိုင်တော့ ဘာမှမလုပ်နိုင်သေးဘူး ဖြစ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူအများအပြားမှာ လက်ရှိအချိန်ထိ ပညာမသင်ကြားနိုင်သေးသဖြင့် ၎င်းတို့၏ ပညာရေးအတွက် ပူပင်နေကြသည်။

“ပညာရေးစနစ်ကလည်း ပြောင်းထားတယ်ဆိုတော့ စာလိုက်မမီမှာကို ပိုစိုးရိမ်တယ်။ ကျွန်မတို့ဆွေမျိုးတွေထဲမှာ ပညာတတ်တဲ့သူ တစ်ယောက်မှမရှိဘူး။ ကျွန်မတစ်ယောက်တည်းပဲ ပညာသင်ဖို့ အခွင့်အလမ်းရခဲ့တာ” ဟု ပလက်ဝမြို့ပေါ်မှ အထက်တန်းကျောင်းသူ မနွယ်စိုးဝင်းကပြောသည်။

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ကျောင်းသား သုံးထောင်ခန့်ရှိပြီး ပညာသင်ကြားခွင့်မရမီကို စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများက စိုးရိမ်နေကြသည်။

“နယ်ကနေ စစ်ဘေးရှောင်လာတာဆိုတော့ မိဘတွေကလည်း ကျူရှင်တွေဘာတွေ မထားပေးနိုင်ဘူး။ ဒီကျောင်း ဖွင့်လာမှာကိုပဲ အားကိုးတကြီး စောင့်နေရတာ။ တကယ်လို့ ဒီနှစ်သာ ကျောင်းမဖွင့်နိုင်ဘူးဆိုရင် ကျွန်မတို့လို စစ်ဘေးရှောင်တစ်ယောက်အနေနဲ့ ပညာသင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု ဝိသုတာဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသူ မဆန်းမေသိန်းကဆိုသည်။

ဝိသုတာဘုန်းတော်ကြီးကျောင်းတွင်ခိုလှုံနေသည့် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်လှကလည်း “မြို့ပေါ်မှာနေတဲ့လူတွေက ငွေကြေးတတ်နိုင်တော့ ကျောင်းတက်ဖို့ အဆင်ပြေကြတယ်။ ကျောင်းမဖွင့်ရင်တောင် ကျူရှင်တွေထားပေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်သားသမီးနဲ့အတူ တခြားစစ်ဘေးရှောင်ကျောင်းသားတွေ ကတော့ စာသင်ခွင့်မရသေးဘူး။ ကျွန်တော်တို့ကလည်း သူများကပေးမှ စားရတဲ့စစ်ဘေးရှောင်တွေဆိုတော့ သားသမီးပညာရေးအတွက် ဘာမှလုပ်မပေးနိုင်တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း (၃၈)ကျောင်းရှိသည့်အနက် ၂၃ ကျောင်းမှာ တပ်မတော်နှင့် အေအေတို့၏တိုက်ပွဲများအပါအဝင် အခြားအခက်အခဲအမျိုးမျိုးကြောင့် မဖွင့်လှစ် နိုင်သဖြင့် ၁၅ ကျောင်းကိုသာ ဖွင့်လှစ်ရန်လျာထားခဲ့ခြင်းဖြစ်သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...