၂၁ ပင်လုံတွင် အေအေကိုချန်ထားခဲ့ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ နောက်ဆုပ်သွားနိုင်ကြောင်း သုံးသပ်နေကြ

၂၁ ပင်လုံတွင် အေအေကိုချန်ထားခဲ့ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ နောက်ဆုပ်သွားနိုင်ကြောင်း သုံးသပ်နေကြ

ခိုင်ရိုးလ - မကြာမီကျင်းပမည့် ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံတွင် NCA အပစ်ရပ်စာချုပ်လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်သော်လည်း ရက္ခိုင့်တပ်တော် (AA)ကို ဖိတ်ကြားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၅ ရက်က ပြောဆိုထားသည်။

အေအေကိုမဖိတ်ကြားခြင်းမှာ ဥပဒေကြောင်းအရ အကန့်အသတ်ရှိခြင်းကြောင့်ဟု ဦးဇော်ဌေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ပြီးခဲ့သည့်မတ်လအတွင်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ် မထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ရှိသည်။

ယခုကဲ့သို့ အေအေကို မဖိတ်ကြားခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ထဲမှ ပဏာမအပစ်အခတ် ရပ်စဲရေးစာချုပ်(Bilateral) မထိုးရသေးသည့်အဖွဲ့များအတွက် လက်မှတ်ထိုးနိုင်ရန် နှောင့်နှေးသွားနိုင်သည်ဟု တိုင်းရင်းသားအရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

အေအေအနေဖြင့် ပင်လုံသို့တက်ရောက်ခွင့်ရခဲ့လျှင် နိုင်ငံရေးအရ ဝင်ရောက်ဆွေးနွေးခွင့်မရှိသော်လည်း Bilateral ထိုးရန်အတွက် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။

“အခုလို AA ကိုမဖိတ်တဲ့အတွက် သူ့ရဲ့စစ်ရေးမဟာမိတ်ဖြစ်တဲ့ TNLA တို့ ကိုးကန့်တို့လည်း မတက်ဘူး ဆိုလို့ ရှိရင် ဒီအဖွဲ့တွေနဲ့ ဆက်ဆွေးနွေးဖို့လမ်းကြောင်းကပိုပြီးဝေးကွာသွားလိမ့်မယ်။

ဒါကြောင့်မဖိတ်တဲ့ အတွက် ကြောင့်မို့လို့ ဆက်ပြီးငြိမ်းချမ်းရေးဆွေးနွေးမှုက နောက်ဆုပ်သွားလိမ့်မယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။

AA ကို ၂၁ ပင်လုံတက်ရောက်ရန် မဖိတ်လျှင် ညီလာခံသို့တက်ရောက်မည်မဟုတ်ကြောင်း TNLA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။

အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှာ “ဝ” အဖွဲ့ USWA၊ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တပ်မတော်/ တောင်ပိုင်း (SSPP/SSA)၊ မိုင်းလား (NDAA)၊ တအန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ကြသည်။

ယင်းအထဲတွင် AA မှအပ ၇ ဖွဲ့ကို ညီလာခံသို့တက်ရောက်ရန်ဖိတ်ကြားထားပြီး တစ်ဖွဲ့လျှင် ထိပ်သီး ခေါင်းဆောင် ၂ ဦးကျစီ ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသည်။

ထိုသို့ AA ကို ချန်ထားခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ပြီး ပြည်သူများအတွက် ဆိုးကျိုးသာဖြစ်လာနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“စားပွဲပေါ်ကိုမရောက်ဘူးဆိုရင်တော့ စစ်ရေးနဲ့ဖြေရှင်းသွားမယ့်သဘောမျိုး ကျရောက်တာပေါ့။ စစ်ရေးနဲ့ ဖြေရှင်း ရင်တော့ နှစ်ဘက်ထိခိုက်ကျဆုံးမှု၊ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်လာမယ်။ အကျိုးဆက်က ဆိုးကျိုးတွေအများကြီးဖြစ်လာမယ် ” ဟု ဦးဖေသန်းက ဆိုသည်။

ဆက်လက်၍ ဦးဖေသန်းက “သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးညီလာခံကို တက်ချင်ပါတယ်လို့ ပြောထားတာ ရှိတယ်။ ဒါကိုအစိုးရက ခွဲခွဲခြားခြားလုပ်မယ်ဆိုတော့ ရိုးသားမှုမရှိဘူး။ တိုင်းရင်းသားတွေအပေါ်မှာ ခွဲခြား ဆက်ဆံနေတယ်လို့မြင်ပါတယ်။ အဲဒီလိုလုပ်တာဟာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နစ်နာတယ်လို့မြင်ပါတယ် ” ဟု ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ MNDAA၊ AA တို့က ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)၏ ဦးဆောင်မှု၊ လမ်းညွှန်မှု၊ လုံခြုံရေး အာမခံချက်ရှိသောအခြေအနေတစ်ခုအောက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုတက်ရောက်ရန် ဆန္ဒရှိကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ပူးတွဲ သဘောထားထုတ်ပြန်ခဲ့သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...