စစ်ဘေးသင့် မသန်စွမ်းသူများအတွက် မည်သို့ စီစဉ်ထားသနည်း

စစ်ဘေးသင့် မသန်စွမ်းသူများအတွက် မည်သို့ စီစဉ်ထားသနည်း

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ ရွာအတွင်းကျရောက်မှုတို့ကြောင့် ရွာသားများထွက်ပြေးကြပါက ရွာတွင် ကျန်ရစ်ခဲ့သူများမှာ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများပင် ဖြစ်သည်။

၎င်းတို့သည် အခြားသူများကဲ့သို့ သွားလာပြေးလွှား၍ အဆင်မပြေသဖြင့် မိမိတို့ကိုချန်ထားခဲ့ပြီး ရွာမှ ထွက်ပြေးကြရန် မိသားစုဝင်များကို ပြောဆိုကြသေးသည်။ ထိုသို့ ရွာအတွင်းကျန်ရစ်ခဲ့သူများကို လူမှုကူညီရေးအသင်းအဖွဲ့တို့က သွားရောက်ကယ်ထုတ်ခဲ့သည် ဆိုသော သတင်းများကို မကြာခဏဆိုသလို ကြားနေ၊ မြင်နေရသည်။

အနီးစပ်ဆုံးမှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာအတွင်း ပိတ်မိနေသူ ၅၀ ကျော်အား ဒေသခံလူမှုကူညီရေးအဖွဲ့များက သွားရောက်ကယ်ထုတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ထိုအထဲတွင် မသန်စွမ်းသူ ၂ ဦး၊ လေဖြတ်နေသူ ၁ ဦး၊ ကလေးငယ် ၆ ဦးနှင့် အသက် ၁၀၀ ရှိသူ အဖွားအိုတစ်ဦး တို့ပါဝင်ခဲ့သည်။

ရွာအတွင်းပိတ်မိနေသူများကို ကူညီကယ်ဆယ်မည့်သူများ ရက်အတော်ကြာသည်အထိ ရောက်မလာပါက ၎င်းတို့မှာ အသက်ဘေးမှ လွှတ်မြောက်ခဲ့သည့်တိုင် ဆေးဝါးပြတ်လပ်မှု၊ အစာရေစာငတ်ပြတ်မှုများနှင့် ကြုံတွေ့ကြရသေးသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားလျှင် ကျေးရွာအတွင်း အမြဲလိုလိုပိတ်မိနေကြသော သက်ကြီးရွယ်အိုများ၊ အသန်စွမ်းသူများ အပါအဝင် အားလုံးကို အမြန်ဆုံးကယ်ထုတ်နိုင်ရန် အစိုးရအပါအဝင် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကူညီရန် လိုအပ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကာလ (၂) နှစ်ခန့်အတွင်း စစ်ဘေး ဒုက္ခသည်ဦးရေ နှစ်သိန်းခန့်ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။ ယင်းဒုက္ခသည်များထဲတွင် မသန်စွမ်းသူများ မည်မျှအထိ ပါဝင်နေသည်ကိုမူ မသိရသးပေ။

စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေကြသူများထဲတွင် မသန်စွမ်းသူများသည် အခြားဒုက္ခသည်များထက် အခက်အခဲပိုကြုံရသဖြင့် ၎င်းတို့အတွက် သီးသန့်အကူအညီများ၊ အထောက်အပံ့များပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂ ဒသမ ၃ သန်းမှာ မသန်စွမ်းသူများ ဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူ တစ်သိန်းတစ်သောင်းတစ်ထောင်ကျော် ရှိသည်။ သို့သော် လက်ရှိ ရခိုင်တိုက်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးကာ မသန်စွမ်းသူဦးရေမှာလည်း ထပ်တိုးလာနေသည်။ ထို့အပြင် သံသယဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသူများထဲတွင်လည်း မသန်စွမ်းသူအချို့ ပါဝင်နေသည်ကို တွေ့လာရသည်။

တိုက်ပွဲဖြစ်ပွားမှုများရှိသည့် ဒေသများတွင် မိုင်းအန္တရာယ် အသိပညာပေးမှုများကို အဖွဲ့အစည်းတချို့က လုပ်ဆောင်နေသော်လည်း အားရစရာမရှိသေးပေ။ အထူးသဖြင့် အစိုးရပံ့ပိုးကူညီမှုများ မရရှိပါက ယင်းလုပ်ငန်းများသည် မတွင်ကျယ်နိုင်ပေ။ ထို့ကြောင့် မိုင်းအန္တရာယ်အသိပညာပေးမှုများ ဆောင်ရွက်ရာတွင် တာဝန်ရှိသည့် အစိုးရတစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ရန် အလွန်အရေးကြီးပေသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မသန်စွမ်းသူများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အားနည်းနေသည်ကို တွေ့ရသည်။ လက်ရှိ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတချို့မှာလည်း အခက်အခဲအမျိုးမျိုးကြားမှ အဖွဲ့အစည်းရပ်တည်ရေးအတွက်ကိုပင် ကျားကန်နေကြရသည်။ အကူအညီ၊ အထောက်အပံ့များ တစ်စုံတစ်ရာ မရရှိသဖြင့် အစိုးရမှ လျစ်လျူရှုထားသလားဟုပင် မေးခွန်းထုတ်စရာဖြစ်လာသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် မသန်စွမ်းမည်မျှပါဝင်နေသည်ကို စာရင်းကောက်ယူရန်ပင် ၎င်းအဖွဲ့အစည်းများ၌ ငွေကြေးအခက်အခဲများရှိသဖြင့် ပြီးပြည့်စုံအောင် ကောက်ယူနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ပြည်တွင်း/ပြည်ပသဘောတူစာချုပ်၊ ဥပဒေမူဘောင်များနှင့် ကတိကဝတ်များ စုစုပေါင်း ၅ ခုအထိ သဘောတူညီမှု ရှိခဲ့သည်။

၂၀၁၅ ခုနှစ်ကပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် ၂၀၁၇ ခုနှစ်ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်း သူများ၏ အခွင့်အရေး နည်းဥပဒေများတွင် မသန်စွမ်းများအတွက် အခွင့်အရေးများပါဝင်သော်လည်း အကောင်အထည်ဖော်ရန် များစွာလိုအပ်နေသေးသည်။

ရခိုင်ပြည်နယ်အတွင်းမှ မသန်စွမ်းများမှာ ဥပဒေပါအခွင့်အရေးများ ဆုံးရှုံးနေရသည့်အပြင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကြားမှ ဒုက္ခများကိုပါ ထပ်မံရင်ဆိုင်နေကြရသည်။

ထို့ကြောင့် စစ်ဘေးဒဏ်ခံနေရသည့် မသန်စွမ်းသူများအတွက် အစိုးရအနေဖြင့် မည်သို့မည်ပုံ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း အများပြည်သူများကိုယ်စား Development Media Group(DMG)မှ မေးခွန်းထုတ်လိုက်ရပါသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...