ALP တပ်ဖွဲ့ဝင်များနှင့် မိသားစုများ ကိုဗစ်ကာလ စားဝတ်နေရေးအတွက် NRPC မှ ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့

ALP တပ်ဖွဲ့ဝင်များနှင့် မိသားစုများ ကိုဗစ်ကာလ စားဝတ်နေရေးအတွက် NRPC မှ ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့

ခိုင်ရိုးလ — ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ငွေကျပ်သိန်း ၅၀၀ ကို ထောက်ပံ့ပေးထားကြောင်း သိရှိရသည်။

အဆိုပါငွေအား ဇူလိုင်လ ၂၄ ရက်နေ့က လွှဲပြောင်းပေးပို့ပြီးဖြစ်သဖြင့် လက်ခံရရှိမှုအား ပြန်ကြားပေးပါရန် NRPC ၏ အတွင်းရေးမှူး ဦးခင်မောင်တင်က လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၂၄ ရက်နေ့ရက်စွဲဖြင့် ALP အား အကြောင်းကြားသည့်စာမှာ အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့်ကာလအတွင်း ALP တပ်ဖွဲ့ဝင်များနှင့် မိသားစုများ စားဝတ်နေရေး အခက်အခဲများရှိနေသဖြင့် NRPC မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) စစ်ရေးကော်မတီမှ ဗိုလ်မှူးကြီးခိုင်စိုးမြက ပြောသည်။

“ဒီငွေတွေက ကျွန်တော်တို့ တင်လိုက်တဲ့ကတည်းက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ရောဂါဖြစ်နေတဲ့ ကြားကာလ တွေမှာ ကျွန်တော်တို့ ရဲဘော်မိသားစုတွေက သွားရလာရ၊ လှုပ်ရှားရတာအခက်အခဲရှိတယ်လေ။ ဒါကြောင့် ရဲဘော်တွေ အဆင်ပြေရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကဘက်က အကူအညီပေးလိုက်တာပါ။ ဒါကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကိုပဲ (ဒီငွေတွေကို) ကူညီထောက်ပံ့သွားမှာပါ ”ဟု ဗိုလ်မှူးကြီးခိုင်စိုးမြက ဆိုသည်။

လက်ရှိတွင် NRPC မှ လွှဲပေးသည့်ငွေများ ရောက်၊ မရောက်ကို မိမိအားအကြောင်းကြားခြင်းမရှိသေးသော်လည်း ALP ခေါင်းဆောင်များထံသို့ အကြောင်းကြားထားပြီဟု သတင်းရကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့ တောင်းဆိုထားတာကတော့ မှန်တယ်။ ရောက်မရောက်ကို ကျွန်တော့်ဆီကိုတော့ အကြောင်း မကြားသေးဘူး။ သို့သော် ကျွန်တော်တို့ တစ်ချို့ခေါင်းဆောင်တွေဆီကိုတော့ အကြောင်းကြားပြီးလို့တော့ သတင်းရတယ် ” ဟု ဗိုလ်မှူးကြီးခိုင်စိုးမြက ဆိုသည်။

NRPC မှထောက်ပံ့ရာတွင် ALP အပါအဝင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အခြားလက်နက်ကိုင်အဖွဲ့များလည်းပါဝင်ကြောင်း NRPC မှ ငွေလွှဲအကြောင်းကြားစာပေးပို့ချက်များအရ သိရသည်။

ထို့သို့ထောက်ပံ့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU/KNLA-PC အတွက် ငွေကျပ်သိန်း(၁၀၀၀)၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU)အတွက် ကျပ်သိန်း(၂၅၀)၊ မွန်ပြည်သစ်ပါတီ(NMSP)အတွက် ကျပ်သိန်း(၁၀၀၀)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)အတွက် ကျပ်သိန်း (၁၀၀၀)၊ ချင်းအမျိုးသားတပ်ဦး(CNF)အတွက် ကျပ်သိန်း (၇၅၀)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အတွက် ကျပ်သိန်း (၅၀၀)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အတွက် ကျပ်သိန်း (၇၅၀)တို့ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေများကွာခြားခြင်းမှာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်စာရင်းများကိုတွက်ချက်ပြီးမှ ပေးခြင်း ဖြစ်နိုင်ကြောင်း ALA မှ ဗိုလ်မှူးကြီးခိုင်စိုးမြက သုံးသပ်သည်။

“အဖွဲ့အစည်းအလိုက် ငွေကွာခြားနေတာကတော့ လူအင်အား၊ အဖွဲ့အစည်းပေါ်မှာ မူတည်တယ်လို့ထင်ပါတယ်။ KNU က သိန်း ၁၀၀၀ ရတယ်ဆိုတာက KNU က တပ်ဖွဲ့ဝင်အင်အားက တော်တော်များများရှိတာကို။ သူတို့ကို လူဦးရေနဲ့တွက်ချက်ပြီး ပေးတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလိုပေးဖို့အတွက် တပ်ဖွဲ့ဝင်တွေရဲ့ မိသားစု စာရင်းကိုသူတို့တောင်းတယ် ” ဟု ဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...