အမ်းမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ရွာသား ၄ ဦး ဒဏ်ရာရ

အမ်းမြို့နယ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် ရွာသား ၄ ဦး ဒဏ်ရာရ

ခိုင်ရိုးလ - ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်အုပ်စု၊ သဲကမ်းထောင့်ကျေးရွာအတွင်းသို့ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



နံနက် ၁၁ နာရီကျော်ခန့်က သဲကမ်းထောင့်ကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ကျော်ခန့်ကွာဝေးသည့် ကဇူးကိုင်းတောင်တန်းဘက်မှလာသည့် လက်နက်ကြီးကျည်တစ်လုံးသည် ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။



နောက်ထပ်ကျည်တစ်လုံးမှာ ရွာအတွင်းရှိ အုန်းပင်ကိုထိမှန်ခဲ့ပြီး ယင်းမှ လွင့်စဉ်လာသော ကျည်စများကြောင့် ရွာသား(၄)ဦးတို့မှာ ဝမ်းဗိုက်၊ လည်ဂုတ်နှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေါ်ခင်သန်းရွှေက ပြောသည်။



“ လက်နက်ကြီးကျည်နှစ်လုံးမှာ တစ်လုံးက အုန်းပင်ပေါ်ကို ထိပြီးတော့ အုန်းပင်ကနေ ကျည်စတွေ စဉ်ကျလာတယ်။ အဲဒီမှာ တစ်အိမ်မှာ ထမင်းစားနေသူ နှစ်ယောက်နဲ့ တခြားနှစ်အိမ်က အိမ်ထဲမှာရှိနေတဲ့ လူနှစ်ယောက်တို့ ဒဏ်ရာရရှိသွားကြတာ။” ဟု ဒေါ်ခင်သန်းရွှေက ဆိုသည်။



ဒဏ်ရာရရှိသူတို့မှာ အသက် (၂၅) နှစ်အရွယ် မမေလှချေ၊ အသက် (၅၅) နှစ်အရွယ် ဦးမောင်မောင်သန်း၊ အသက် (၃၀) နှစ်အရွယ် ကိုထွန်းထွန်းသိန်း နှင့် အသက် (၂၅) နှစ်အရွယ် ကိုင/လုံး တို့ ဖြစ်သည်။



လက်ရှိမှာ မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးဆေးရုံတွင် ဆေးကုသမှုခံနေကြောင်း ကမ်းထောင်ကြီး နာရေးကူညီမှု အသင်းမှ ဦးမောင်ချယ်ရီက ပြောသည်။



“ ၁၁ နာရီကျော်လောက်က စက်လှေနဲ့ ဒဏ်ရာရလူ (၄) ဦး ရောက်လာတယ်။ အခု ကမ်းထောင်းကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်။ ကျည်စတွေ ထိမှန်သွားကြတာ။ ဒဏ်ရာက အပြင်းအထန်တော့ မဟုတ်ကြဘူး။ ဒါကြောင့် ဒီမှာပဲ ကုသပေးနေတာ” ဟု ဦးမောင်ချယ်ရီက ဆိုသည်။



လက်နက်ကြီးကျည်ကျရောက်ခဲ့သော သဲကမ်းထောင့်ကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးလာရာ ကဇူးကိုင်းတောင်တန်းတွင်မူ တပ်မတော်သားများ ယာယီတပ်စွဲနေထိုင်သည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။



လက်ရှိမှာ ရွာသားတစ်ချို့မှာလည်း ကြောက်လန့်ပြီး ဘေးလွတ်ရာ အနီးအနားကျေးရွာများနှင့် ကမ်းထောင့်ကြီးမြို့ပေါ်သို့ ထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံ ဒေါ်နှင်းမိုးနွယ်က ပြောသည်။



“ထွက်ပြေးနေရတော့ တော်တော်ဒုက္ခဖြစ်ကြတယ်။ ရွာသားတွေက တောတောင်တွေကို မှီခိုပြီးလုပ်စားသူတွေပါ။ ပစ်ခတ်ခံရမှုတွေကိုလည်း မလိုလားဘူး။ ဒါကြောင့် ပစ်ခတ်မှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်နှင်းမိုးနွယ်က ဆက်ပြောသည်။



ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာနေပြီဖြစ်ကာ တိုက်ပွဲအကျိုးဆက်ကြောင့် ထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရမှုများလည်း တဖြည်းတဖြည်း မြင့်တက်လာနေသည်။



(ဓာတ်ပုံ - မောင်ချယ်ရီ)

March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...
February 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် HIV ထိန်းချုပ်ရေးအပါအဝင် ကူးစက်ရောဂါကာကွယ်ရေးအတွက်...
February 27, 2026
စစ်တွေမြို့နယ်၊ ဝါဘိုနှင့် တောကန်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲ...