ရခိုင်မှ စစ်ဘေးရှောင်စခန်းအချို့တွင် တုတ်ကွေးရောဂါဖြစ်ပွားနေ

ရခိုင်မှ စစ်ဘေးရှောင်စခန်းအချို့တွင် တုတ်ကွေးရောဂါဖြစ်ပွားနေ

ကျော်သူဌေး - ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းအချို့တွင် တုတ်ကွေးရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း စခန်းတာဝန် ရှိသူများထံမှ သိရသည်။

စစ်တွေမြို့၊ တေဇာရာမကမ္မဋ္ဌာန်း(သရက်အုပ်)ကျောင်းတိုက်တွင် စစ်ဘေးရှောင်ဦးရေ ၁၇၀ ကျော်ရှိပြီး ယင်းအထဲမှ လူဦးရေ ၅၀ ခန့်တွင် တုတ်ကွေးရောဂါခံစားနေရကြောင်း စစ်ဘေးရှောင်များကပြောသည်။

ရောဂါဖြစ်ပွားမှုကြောင့် ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ အော့အံခြင်းစသည့် ဝေဒနာများကိုခံစားနေရပြီး ကျန်းမာရေးဌာနမှဆေးကုသမှုများ လုပ်ဆောင်ခြင်းမရှိသဖြင့် ဆေးများကို ကိုယ်ထူကိုယ်ထဝယ်ယူကာ သုံးစွဲနေရသည်ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်လာသူ ဒေါ်မယဉ်စိန်က ပြောသည်။

“ဆိုင်ကဆေးတွေဝယ်ပြီးတော့ သုံးနေရတယ်။ နေမကောင်းဖြစ်တာက တစ်ပတ်လောက်ရှိပါပြီ။ ခန္ဓာကိုယ် ကိုက်တယ်၊ အဆစ်နာတယ်၊ အော့အံတယ်၊ အဲလိုမျိုးတွေဖြစ်တယ်။ ကျန်းမာရေးဌာနကတော့ လာရောက် ကုသတာတော့မရှိပါဘူး”ဟု ဒေါ်မယဉ်စိန်ကဆိုသည်။

ဆေးခန်းတွင် ဆေးကုသမှုခံယူရန် ဝင်ငွေမရှိသည့်အတွက် ကျန်းမာရေးဌာနမှ လာရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးစေလိုကြောင်း ရသေ့တောင်မြို့နယ်မှ စစ်တွေမြို့တွင် စစ်ဘေးရှောင်နေသူ ဦးအေးမောြင်ကိုင်က ပြောသည်။

“အိမ်ရှင်မနဲ့ကလေးကလည်း နေမကောင်းဖြစ်နေတယ်။ တစ်ယောက်ပြီး တစ်ယောက်ဖြစ်နေတယ်။ နေမကောင်းဖြစ်တော့ ဆေးရုံ၊ဆေးခန်းကိုလည်း မသွားနိုင်ကြဘူး။ ဝင်ငွေကမရှိဘူး။ အဲဒါကြောင့် ကျန်းမာရေးဌာနက လာစေချင်တယ်” ဟု ဦးအေးမောင်ကြိုင်က ပြောသည်။

ထိုနည်းတူ မြောက်ဦးမြို့နယ်တွင် မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း၊ လက်ကောက်ဈေး စစ်ဘေးရှောင်စခန်း၊ တိမ်ညိုစစ်ဘေးရှောင်စခန်းနှင့် မင်းပြားမြို့နယ်၊ အမ်းသားရွာ စစ်ဘေးရှောင်စခန်း၊ သေကန် စစ်ဘေးရှောင် စခန်းတို့မှာလည်း ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားမှုများရှိသည်ဟု စခန်းတာဝန်ခံများမှ သိရသည်။

ယင်းအပြင် ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်စခန်းများတွင်လည်း ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိကြောင်း သိရသည်။

ပြည်နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီကာလတွင် တုတ်ကွေးရောဂါများဖြစ်နိုင်သလို ကြိုတင် ကာကွယ်ရန် မြို့နယ်အလိုက် စစ်ဘေးရှောင်စခန်းများတွင် တစ်ပတ်တစ်ခါ ဆေးခန်းဖွင့်ပေးရန် ညွှန်ကြားထားသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“မိုးရာသီမှာက နှာစေးချောင်းဆိုး အအေးမိရင်လည်း တုတ်ကွေးလက္ခဏာပဲ။ စစ်ဘေးရှောင်စခန်းတွေမှာက ရေမြုပ်တာနဲ့အမိုးမလုံတာနဲ့ဆိုတော့ တုတ်ကွေးတော့ရှိမှာပဲ။ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာက စစ်ဘေးရှောင်စခန်းတွေမှာ ဆေးခန်းဖွင့်ပေးဖို့ မြို့နယ်အလိုက်ညွှန်ကြားထားတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းနီးပါးရှိလာနေပြီး စစ်ဘေးရှောင်များမှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသည့်အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။

Most read this week

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...